ပအိုဝ်းဒေသတိုက်ပွဲအတွင်း အရပ်သား ၆၆ ဦးသေဆုံး၊ ရှစ်ဆယ်နီးပါး ဒဏ်ရာရ

RFA Burmese
2024.04.22
ပအိုဝ်းဒေသတိုက်ပွဲအတွင်း အရပ်သား ၆၆ ဦးသေဆုံး၊ ရှစ်ဆယ်နီးပါး ဒဏ်ရာရ တိုက်ပွဲများကြောင့် မီးလောင်ပျက်စီးသွားသည့် ဆီဆိုင်မြို့ကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် PNLA တပ်ဖွဲ့က ထုတ်ပြန်ထားစဉ်။
Telegram/ PNLA News&Info

စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ် တောင်ပိုင်းက မြို့နယ်လေးခုမှာ သုံးလအတွင်း အရပ်သား ၆၆ ဦး သေဆုံးခဲ့ပြီး ရှစ်ဆယ်နီးပါး ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ဧပြီလ ၂၂ ရက်နေ့ မနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေနဲ့ ဟိုပုံးမြို့နယ်တွေမှာ ဖြစ်ခဲ့တာဖြစ်ပြီး အရပ်သားသေဆုံးမှုက နေ့စဉ်လိုလို တိုးလာနေတာလို့ (PYO) ပြောခွင့်ရသူ နန်းက RFA ကို ပြောပါတယ်။

"ဒီတစ်ပတ်မှာတင် သေဆုံးသူငါးဦး တိုးလာတယ်။ ကလေးငယ်သုံးယောက်နဲ့ အမျိုးသားနှစ်ယောက် တိုးလာတယ်။ အမျိုးသားတစ်ယောက်က ပုံလောင်းရွာဘက်မှာ ပစ်ခတ်ခံရပြီး သေဆုံးတာ အခုမှသတင်းရတာ၊ တစ်ယောက်တော့ အသတ်ခံရတာ။ ကျန်တဲ့ကလေးတွေက စစ်ရှောင်ရင်း မီးဖွားတဲ့အချိန် ဆေးဝါးအကူအညီ မရလို့ သေဆုံးတာပါ"

တိုက်ပွဲကာလအတွင်း လက်နက်ကြီးနဲ့ လေကြောင်းကြောင့် သေဆုံးသူ ၃၄ ဦးရှိခဲ့ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးရင်း သေဆုံးရသူ ၁၆ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဘေးတိမ်းရှောင်ရင်း သေဆုံးရသူအပါအဝင် အခြားအကြောင်းရာတွေကြောင့် သေဆုံးရသူက ၁၆ ဦးရှိတယ်လို့ (PYO) ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိချိန် ရွာတွေထဲ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အသက်ဆယ်နှစ်အောက် ကလေး ဆယ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေထဲမှာ လေကြောင်းကြောင့် ဒဏ်ရာရသူ အယောက် လေးဆယ်ရှိပြီး လက်နက်ကြီးကြောင့် ထိခိုက်သူ ၂၆ ဦး ရှိခဲ့ပါတယ်။

မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရသူက ၁၃ ဦး ရှိတယ်လို့ (PYO) က ဖော်ပြထားပါတယ်။

(PYO) ရဲ့ စာရင်းနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ဆီဆိုင်မြို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်နေ့မှာ (PNLA) တပ်ဖွဲ့ကသိမ်းပိုက်ခဲ့ပြီး နှစ်လနီးပါး ထိန်းချုပ်ထားခဲ့တာပါ။

မတ်လကုန်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့တွေ ဆီဆိုင်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ကောင်စီဘက်က ဧပြီလ ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဧပြီလအလယ်ကပြီး စစ်ကောင်စီတပ်နဲ့ (PNO) ပူးပေါင်းအဖွဲ့ဟာ ဆီဆိုင်မြို့အစွန်ဘက်က ရွာတွေနဲ့၊ ဆီဆိုင်-လွိုင်ကော်လမ်းပိုင်းက ရွာတွေကိုပါ ဆက်တိုက်ထိုးစစ်ဆစ်နေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။