ပအိုဝ်းပြည်သူ့စစ် တစ်သောင်းကျော် စစ်သင်တန်းဆင်း
2024.08.23
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ နောင်တယားမြို့မှာ ပအိုဝ်းပြည်သူ့စစ်လို့ သိကြတဲ့ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က အင်အား တစ်သောင်းကျော် စစ်သင်တန်းဆင်းတယ်လို့ ဩဂုတ်လ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒါဟာ အထူးဒေသ(၆) ဖြစ်တဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို ကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေ ဆောင်ရွက်ဖို့ဖြစ်တယ်လို့လည်း PNA သတင်းတွေကို ဖော်ပြနေတဲ့ Pa-O Channel က ရေးသားထားပါတယ်။
အဲဒီ သင်တန်းဆင်းပွဲကို ပအိုဝ်းအမျိုးသားတပ်မတော် (PNA) စစ်ဦးစီးချုပ်နဲ့ စစ်ဒေသမှူးတွေအပြင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက တာဝန်ရှိသူတွေက တက်ရောက်ခဲ့ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်ကောင်စီကို အကာအကွယ်ပေးဖို့ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အဓိကကတော့ အင်အားပြတာပေါ့။ ငါတို့မှာ အင်အားဒီလောက်ရှိတယ်။ အဲဒီတော့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသက စစ်ပွဲတွေမှာ သူတို့ပါလာမယ်ပေါ့။ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်အဖြစ် အင်အားဖြည့် တိုက်ပွဲဝင်မယ်ပေါ့။ ဒီလိုမျိုး ပြသတာပါပဲ”
PNO/PNA ဟာ ၁၉၉၁ ခုနှစ်က တပ်မတော်နဲ့ ငြိမ်းချမ်းရေး ယူခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ(၆) အဖြစ် သတ်မှတ် အုပ်ချုပ်ပါတယ်။
စစ်အင်အားတိုးချဲ့မှုတွေအပေါ် တိတိကျကျသိရဖို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသန်းကြွယ်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။
စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ ပြောခွင့်ရသူ ခွန်ရိမ်းယံကတော့ စစ်အင်အား တစ်သောင်းဟာ စစ်ကောင်စီကို အကာအကွယ်ပေးဖို့ ဖြစ်လာမှာလို့ RFA ကို ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ ညောင်ရွှေမြို့တွေမှာ အခုနှစ်ဆန်းပိုင်းက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း ပအိုဝ်းအမျိုးသားတပ်မတော် (PNA) က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ပါတယ်။