၂၁ ရာစု ပင်လုံညီလာခံ စာတမ်းဖတ်ပွဲ CRPP ကျင်းပမည်

၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး CRPP ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီက ပညာရှင်တွေရဲ့ စာတမ်းဖတ်ပွဲ တရပ်ကို ကျင်းပသွားမယ်လို့ ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က မေလ ၆ ရက် ဒီနေ့ ပြောကြားလိုက်ပါတယ်။

2011.05.06
panglong_union_305_z.png မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)
(RFA)

ရန်ကုန် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ လစဉ်ပုံမှန်အစည်းအဝေးမှာ တက်ရောက်လာသူတွေက ၂၁ရာစု ပင်လုံညီလာခံ စာတမ်းကိစ္စ ဆွေးနွေးပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်တာလို့ ဦးအေးသာအောင်က ပြောပါတယ်။

“၂၁ ပင်လုံနဲ့ ပတ်သက်လို့ ပညာရှင်များဆီက စာတမ်းတွေ တောင်းခံဖို့ရယ်၊ ပြီးတော့ စာတမ်းဖတ်ပွဲ လုပ်မယ်။ ပြီးတော့ ဒီစာတမ်းတွေ အပေါ်မှာ သုံးသပ်ချက်တွေနဲ့တကွ စာတမ်းတွေကို ပေါင်းပြီးတော့လည်းပဲ စာအုပ်အဖြစ် ထုတ်မယ်။ ဒီ အစီအစဉ်အရ ပြည်တွင်းကရော ပြည်ပကပါ ပညာရှင်ဆီက စာတမ်းတွေကို တောင်းမယ်၊ တချို့ ပညာရှင်တွေကတော့ ကိုယ်တိုင် စာတမ်း လာဖတ်မယ်။ နောက်တချို့ကတော့လည်းပဲ ကိုယ်တိုင် မလာနိုင်ရင် ကျွန်တော်တို့ဆီက တယောက်ယောက်က ဖတ်မယ်။ ဒီဟာ ဒီနေ့ ဆုံးဖြတ်ပါတယ်။”

စာတမ်းဖတ်ပွဲကို ဇူလိုင်လလောက်မှာ ကျင်းပဖို့ ရည်ရွယ်ထားပေမဲ့ ပြည်တွင်း-ပြည်ပ ပညာရှင်တွေဖက်က အချိန်ထပ်ယူရမယ် ဆိုရင် အချိန်တိုးမယ်လို့ ဆိုပါတယ်။

ဒီနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ လက်ရှိ နိုင်ငံရေး အခြေအနေတွေကိုလည်း ဆွေးနွေးပေမဲ့ ၂၁ ပင်လုံညီလာခံ ကိစ္စကို အဓိကထား ဆွေးနွေးတယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

အစည်းအဝေးကို CRPP အဖွဲ့ဝင်တွေဖြစ်ကြတဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ CRPP အဖွဲ့ဝင် ဦးပူကျင့်ရှင်းထန် စတဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ကြတယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူဖို့ ပြောကြားတာကို ပြည်တွင်း-ပြည်ပ အတိုက်အခံတွေ တိုင်းရင်းသား အဖွဲ့အစည်းတွေက ထောက်ခံ ကြိုဆိုပေမဲ့ အစိုးရအာဘော် သတင်းစာတွေမှာတော့ ၂၁ ပင်လုံညီလာခံကို တိုက်ခိုက် ဝေဖန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။