နိုင်ငံတကာချေးငွေ သန်း ရာနဲ့ချီယူဖို့ လွှတ်တော် အတည်ပြု
2020.05.29
နယ်စပ်ဒေသနဲ့ ဆက်သွယ်ရေးခက်ခဲတဲ့ဒေသတွေမှာ ဆေးရုံတွေ အဆင့်မြှင့်တင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ကနေ အမေရိကန်ဒေါ်လာ သန်း ၃၀ ချေးယူဖို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ သဘောတူလိုက်ပါတယ်။
အစိုးရဘတ်ဂျက်၊ အသေးစား အလတ်စားလုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး စတဲ့ လုပ်ငန်းတွေအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၊ ကမ္ဘာ့ဘဏ်တို့ကနေ ဒေါ်လာ သန်း ရာနဲ့ချီ ချေးငွေယူပြီး ဆောင်ရွက်ဖို့လည်း အတည်ပြုခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်လိုမျိုး ကမ္ဘာ့ကူးစက်မြန်ရောဂါတွေ ဖြစ်ပွားလာရင် လမ်းပန်းဆက်သွယ်ရေး ခက်တဲ့ ဒေသတွေနဲ့ နယ်စပ်ဒေသက ဆေးရုံတွေမှာ အရည်အသွေးပြည့်ဝတဲ့ ကုသရေး ဝန်ဆောင်မှုတွေကို အဆင့်မြင့်ဖို့ အာရှဖွံ့ဖြိုးရေး ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၃၀ ချေးယူမှာဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အာရှဖွံ့ဖြိုးရေးဘဏ်က ရရှိမယ့်ငွေကို ထိရောက်အောင် ဆောင်ရွက်သွားမှာမို့ ဒီကိစ္စကို အတည်ပြုပေးဖို့ လွှတ်တော်မှာ ပြောခဲ့ပါတယ်။
ချေးငွေ ရယူရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ ကိုယ်စားလှယ် သုံးဦးက ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး သူတို့ဒေသမှာ ကြုံတွေ့ရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေ အနေတွေနဲ့ အခက်အခဲတွေကို တင်ပြခဲ့ကြပါတယ်။
လွိုင်ကော် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက အခု ချေးငွေယူပြီး ဆောင်ရွက်မယ့်ကိစ္စတွေမှာ အောက်ခြေမှာရှိတဲ့ ပြည်သူတွေကပါ သိရှိအောင် ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ဖို့ အကြံပြုပါတယ်။
ကချင်ပြည်နယ်က ခေါင်လန်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအာမိုးဆီကတော့ သူတို့ မဲဆန္ဒနယ်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အခက်အခဲတွေကို လွှတ်တော်မှာ ပြောပြပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ် ADB ကနေ ချေးငွေချေးရတဲ့ ရည်ရွယ်ချက်က ကူးစက်မြန်ရောဂါ ဖြစ်ပွားပါက အရည်အသွေး ပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်မြှင့်တင်ဖို့၊ နယ်စပ်ဒေသနဲ့ ဝေးလံ ခေါင်ဖျားတဲ့ ဒေသတွေက ဆေးရုံတွေ အရည်အသွေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတိုးတက်လာပြီး ပြည်သူတွေ ကျန်းမာရေး အဆင့်အတန်း မြင့်မားလာဖို့ စံချိန်မီတဲ့ ပစ္စည်းကိရိယာတွေကို ဆေးရုံတွေမှာ ရရှိနိုင်တဲ့အတွက် ရေရှည်မှာ ကျန်းမာရေးစနစ်၊ ကုသရေးစနစ် တောင့်တင်းလာစေဖို့ ရည်ရွယ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ချေးငွေယူပြီး လုပ်ကိုင်မယ့် မဲခေါင်းမြစ်ဝှမ်းဒေသ ကျန်းမာရေး လုံခြုံမှုဆိုင်ရာ စီမံကိန်းမှာ လုပ်ငန်း ကိုးခု ဆောင်ရွက်မှာဖြစ်ပြီး ကုသမှုမြှင့်တင်တာ၊ စွန့်ပစ်ပစ္စည်းတွေ စနစ်တကျ စွန့်ပစ်ရေး၊ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူရေး၊ ရောဂါကူးစက်မှုကာကွယ်နိုင်ရေးလုပ်ငန်း ဖြည့်ဆည်းတာ၊ ရောဂါကုသမှု အဆင့်မြှင့်တင်တာ၊ အဆင့်မြှင့် ကြပ်မတ်ကုသဆောင်များ မြှင့်တင်တာ၊ ဓာတ်ခွဲခန်းတွေ အဆင့်မြှင့်တင်တာ၊ ဆေးရုံအဆောက်အအုံ ထိန်းသိမ်းပြုပြင်တာ စတာတွေ ပါဝင်မှာပါ။
အစိုးရဘတ်ဂျတ် လိုငွေပြတာကို ဖြည့်ဖို့အတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF ကနေ ဒေါ်လာ သန်း ၇၀၀၊ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးမွေးမြူးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ကမ္ဘာ့ဘဏ်ကနေ ဒေါ်လာ သန်း ၂၀၀၊ မြန်မာနိုင်ငံ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်ကနေ ဒေါ်လာ သန်း ၆၀၊ ကိုရိုနာကပ်ရောဂါလို ကူးစက်မြန်ရောဂါကုသရေးအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၅၀ ချေးယူရေးတို့ကိုလည်း အတည်ပြုခဲ့ပါတယ်။
ဒါ့အပြင် ကပ်ရောဂါကြောင့် လူမှုစီးပွား ထိခိုက်နစ်နာမှုတွေကို ကုစားဖို့အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ JICA ကနေ ဂျပန်ယန်းငွေ ဘီလီယံ ၃၀၊ အီလက်ထရောနစ် စနစ်နဲ့ လူဦးရေ မှတ်ပုံတင်တဲ့ စီမံကိန်းအတွက် သြစတြေးလျနိုင်ငံကနေ ယူရို ၃၃ သန်း စတဲ့ နိုင်ငံတကာ ချေးငွေ ရှစ်ခု ချေးယူမယ့် ကိစ္စတွေကို ၁၆ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ အတည်ပြုနိုင်ခဲ့ပါတယ်။