စစ်ကောင်စီရဲ့ UEC က မှတ်ပုံတင်ခွင့်ပြုတဲ့ နိုင်ငံရေးပါတီ ငါးဆယ်ကျော်ရှိလာ

RFA Burmese
2024.09.09
စစ်ကောင်စီရဲ့ UEC က မှတ်ပုံတင်ခွင့်ပြုတဲ့ နိုင်ငံရေးပါတီ ငါးဆယ်ကျော်ရှိလာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ၂၀၂၀ အ​ထွေ​ထွေ ​ရွေး​ကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခဲ့စဉ်။
Photo: RFA

စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၉ ရက်နေ့က မွန်ညီညွတ်ရေးပါတီ (MUP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီး စုစုပေါင်း မှတ်ပုံတင်ခွင့်ရတဲ့ နိုင်ငံရေးပါတီ ၅၂ ပါတီအထိ ရှိလာပါတယ်။

စစ်ကောင်စီက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တဲ့ကိစ္စတွေကို အရှိန်မြှင့်လုပ်ဆောင်လာသလို ရွေးကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီတွေကို တည်ထောင်ခွင့်ပြုတာနဲ့ ပယ်ဖျက်တာတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတာပါ။

အခု တည်ထောင်ခွင့်ပြုလိုက်တဲ့ မွန်ညီညွတ်ရေးပါတီ (MUP) ကတော့ မွန်ပြည်နယ်အဆင့် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတစ်ခု ဖြစ်ပါတယ်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ကျပြီးနောက် ပါတီရဲ့ ရှေ့ဆက်လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး နိုင်စံတင်က RFA ကိုပြောပါတယ်။

"ပါတီမှတ်ပုံတင်ခွင့်က တစ်နှစ်ခွဲလောက်နေမှ ခွင့်ပြုချက်ရတာပေါ့နော်။ ဗဟိုကော်မတီ အစည်းအဝေးတော့ မထိုင်ရသေးပါဘူး။ နိုင်ငံရေးပါတီအနေနဲ့ ရှေ့ဆက်လုပ်ရမဲ့လုပ်ငန်းတွေကို လုပ်ဖို့တော့ရှိပါတယ်။ ဘာတွေလုပ်မလဲဆိုတဲ့ အသေးစိတ်တော့ ပြောလို့မရသေးဘူး"

မွန်ညီညွတ်ရေးပါတီဟာ ၂၀၁၉ ခုနှစ်မှာ မွန်နိုင်ငံရေးပါတီတွေဖြစ်တဲ့ မွန်ဒီမိုကရေစီပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာပါတီတို့ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်နဲ့ ကရင်ပြည်နယ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး အပါအဝင် နေရာ ၁၂ ခု အနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ အာဏာသိမ်းမှုကြောင့်ဖြစ်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမရှိဘဲ မပြေလည်နိုင်ကြောင်းနဲ့ စစ်ကောင်စီလုပ်မဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ဩဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။