သထုံမှာ ခရီးသည်တင်ယာဥ် မိုင်းဆွဲခံရပြီး နှစ်ဦးသေဆုံး

RFA Burmese
2024.09.02
သထုံမှာ ခရီးသည်တင်ယာဥ် မိုင်းဆွဲခံရပြီး နှစ်ဦးသေဆုံး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည့် ခရီးသည်တင်ယာဥ်တစ်စီးအား တွေ့ရစဥ်။
Citizen Photo

မွန်ပြည်နယ်၊ သထုံမြို့အနီး ကမာစိုင်ရွာ (ကွက်သစ်) ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်မှာ စက်တင်ဘာ ၁ ရက်နေ့ ညက ခရီးသည်တင်ယာဥ် မိုင်းဆွဲခံရပြီး အရပ်သားနှစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ ညခုနစ်နာရီဝန်းကျင်က သထုံမြို့၊ ကမာစိုင်ကျေးရွာ (ကွက်သစ်) အနီးမှာ ကလေးနှစ်ဦးအပါအဝင် ခရီးသည်ကိုးဦးနဲ့ ယာဥ်မောင်းတစ်ဦး၊ ယာဥ်အကူတစ်ဦး လိုက်ပါလာတဲ့ Toyota HiAce ခရီးသည်တင်ယာဥ်ဟာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုကြောင့် ယာဥ်ပေါ်မှာလိုက်ပါလာတဲ့ အသက် ၃၇ နှစ်အရွယ် ယာဥ်မောင်း ကိုဖြိုးဝေကျော်နဲ့ အသက် ၃၃ နှစ်အရွယ် ခရီးသည် ကိုကျော်မျိုးသူတို့ သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သထုံမြို့က လူမှုကူညီရေးအဖွဲ့ဝင် တစ်ဦးကတော့ ဒဏ်ရာရသူတွေထဲမှာ အမျိုးသမီးတစ်ဦးက ဒဏ်ရာပြင်းထန်တယ်လို့ RFA ကို ပြောပါတယ်။

“အမျိုးသမီးငါးဦး ထိခိုက်ဒဏ်ရာရတဲ့အထဲမှာ မဝင်းဝင်းထွေးတစ်ယောက်ကတော့ လက်နက်ကြီးအစ ခန္ဓာကိုယ်ထဲဝင်ပြီး ပြင်းထန်အဆင့်ရှိတယ်။ ကျန်သူတွေကတော့ အနည်းငယ်ပဲ ထိခိုက်တယ်။ အခု သထုံဆေးရုံကြီးမှာ ဆေးကုနေပါတယ်။ ကလေးနှစ်ဦးကတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး”

အဲဒီခရီးသည်တင်ယာဥ်ဟာ ပဲခူးမြို့ဘက် ပြေးဆွဲတဲ့ယာဥ်ဖြစ်ပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူတွေဟာ ပဲခူးတိုင်းမှာ နေထိုင်သူတွေဖြစ်ကြတယ်လို့ သူက ပြောပါတယ်။

ကမာစိုင်ရွာ (ကွက်သစ်) အနီး ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ်မှာ မကြာခဏ မိုင်းဆွဲတိုက်ခိုက်မှုတွေ ဖြစ်နေတာကြောင့် ခရီးသွားလာမှုအတွက် စိုးရိမ်မှုတွေရှိလာပြီလို့ သထုံဒေသခံတွေက ပြောပါတယ်။

အခု မိုင်းဆွဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ခဲ့တယ်ဆိုတာ မသိရသေးသလို စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

သြဂုတ် ၂ ရက်နေ့ကလည်း ကမာစိုင်ရွာ (ကွက်သစ်)အနီး ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ်က တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။