မြင်းမူမှာ ခရီးသည်တင်ယာဥ်တစ်စီး မှားယွင်းပစ်ခတ်ခံရ

RFA Burmese
2024.09.06
မြင်းမူမှာ ခရီးသည်တင်ယာဥ်တစ်စီး မှားယွင်းပစ်ခတ်ခံရ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အနီးတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့က ပစ်ခတ်ခံရသည့် ခရီးသည်တင်ယာဥ်အား တွေ့ရစဥ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့အနီး မန္တလေး-မုံရွာ ကားလမ်းမှာ စက်တင်ဘာ ၃ ရက်နေ့ ညနေက မုံရွာကနေ ရန်ကုန်ကိုထွက်ခွာလာတဲ့ ခရီးသည်တင်ယာဥ်တစ်စီးကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မြင်းမူမြို့အနောက်ဘက် မန္တလေး-မုံရွာ ကားလမ်းမှာရှိတဲ့ ဝမ်းပြည့်ကျေးရွာနဲ့ အလ္လကပ္ပ ကျေးရွာအကြားမှာ မုံရွာကနေ ရန်ကုန်ကို ခရီးသည် ၂၄ ဦးတင်လာတဲ့ ခရီးသည်တင်ယာဥ် တိုက်ခိုက်ခံရပြီး အသက် ၄၅ နှစ်အရွယ် ယာဥ်မောင်း ဦးဇော်ဦး၊ အသက် ၂၇ နှစ်အရွယ် မအိအိအောင်နဲ့ အသက် ၆၂ နှစ်အရွယ် ဦးစိန်ရတို့ ထိခိုက်ဒဏ်ရာရသွားတာလို့ ဆိုပါတယ်။

အဲဒီခရီးသည်တင်ယာဥ်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတယ်ဆိုတဲ့ သတင်းအမှားကြောင့် မြင်းမူအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မှားယွင်းပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြင်းမူမြို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မိုင်းဆွဲတာ မဟုတ်ဘူးဗျ။ မှားပစ်မိတာ။ ကားပေါ်မှာ စစ်ကောင်စီတပ်သားတွေ ပါတယ်ဆိုပြီး မှားပစ်မိတာ။ အဲဒီမှာ စစ်ကောင်စီတပ်သားတွေ ပါမလာဘူး။ မုံရွာကနေ လာတဲ့ကားကို ကျွန်တော်တို့ မြင်းမူနားရောက်ခါနီးပေါ့။ ဝမ်းပြည့်ရွာဘေးပေါ့။ အဲဒီမှာ မှားပစ်မိတာပေါ့”

ဒီတိုက်ခိုက်မှုကြောင့် ခရီးသည်သုံးဦး မစိုးရိမ်ရတဲ့ဒဏ်ရာရပြီး မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသပေးထားတယ်လို့ စစ်ကိုင်းတိုင်းစစ်ကောင်စီ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ဒေသကာကွယ်တပ်ဖွဲ့ဘက်က အဲဒီခရီးသည်တင်ယာဥ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ပစ္စည်းတွေ တင်ဆောင်လာတယ်လို့ သတင်းရတာကြောင့် သေနတ်ပစ်ဖောက်ပြီး တားဆီးတာကို ယာဥ်မောင်းက ရပ်မပေးတာကြောင့် အခုလိုပစ်ခတ်တာ ဖြစ်တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ မုံရွာမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ခဲ့သလဲဆိုတာ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဇွန် ၃၀ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ရန်ကုန်-မုံရွာ ကားလမ်းမပေါ်မှာ ခရီးသည်တင်ယာဥ် တိုက်ခိုက်ခံရနောက် အရပ်သားတချို့သေဆုံးပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအကြား အပြန်အလှန် စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။