ပုသိမ်ထောင်က ထပ်တိုးထောင်ဒဏ် ချမှတ်ခံထားရတဲ့ နိုင်ကျဉ်း ၃၃ ဦး တရားထပ်စွဲခံရ
2023.08.28
ဧရာ၀တီတိုင်း ပုသိမ်အကျဉ်းထောင်က ထောင်သုံးနှစ်စီ ထပ်တိုး ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၃ ဦးထဲက ၃၃ ဦးကို ထောင်အာဏာပိုင်တွေက နောက်ထပ် ပုဒ်မနှစ်ခုနဲ့ ထပ်မံတရားစွဲထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဩဂုတ်လ ၂၈ ရက်မှာ RFA ကိုပြောပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၅ ရက်နဲ့ ၆ ရက်မှာဖြစ်ခဲ့တဲ့ ထောင်တွင်းအဓိကရုဏ်းမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၆၃ ဦးကို သူတို့မူလကျခံနေရတဲ့ ထောင်ဒဏ်တွေအပြင် ဇူလိုင်လ ၆ ရက်နေ့က နောက်ထပ် ထောင်သုံးနှစ်စီ ထပ်မံချမှတ်ထားတာပါ။
အဲဒီလိုချမှတ်ထားတဲ့အပြင် အဲဒီ ၆၃ ဦးထဲက ၃၃ ဦးကိုတော့ ထောင်တွင်းအဓိကရုဏ်းတုန်းက ထောင်ဝန်ထမ်းတွေကို ကိုယ်ထိလက်ရောက် ပြန်လည်ခုခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၃၂၊ ၃၃၃ ပုဒ်မတွေနဲ့ ထပ်မံတရားစွဲလိုက်တာပါ။
ထပ်မံတရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၃ ဦးကို တိုက်ပိတ်ထားတယ်လို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
"၆၃ ယောက်ကို သုံးနှစ်စီချလည်းပြီးရော နောက်ထပ်ထပ်တိုးစွဲတာ ၃၃ ယောက်။ ၃၃ယောက်ကို လက်ရှိတိုက်ထဲမှာ ထားတယ်။ သူတို့ကို ပုဒ်မ ၃၃၃၊ ၃၃၂ နဲ့ ထပ်ဆွဲတယ်”
ပုဒ်မ ၃၃၂ ဟာ တာဝန်၀တ္တရား ဆောင်ရွက်နေနဲ့ ပြည်သူ့ဝန်ထမ်းကို နာကျင်စေရင် အမြင့်ဆုံးထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်ပြီး အပြင်းအထန်နာကျင်စေရင်တော့ ပုဒ်မ ၃၃၃ အရ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ပုသိမ်အကျဉ်းထောင်က အကျဉ်းဦးစီးအရာရှိတစ်ဦးကို RFA ကဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူ့အနေနဲ့ ဖြေဆိုပိုင်ခွင့်မရှိကြောင်း ပြောပါတယ်။ စစ်ကောင်စီရဲ့ ဧရာ၀တီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမောင်မောင်းသန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
၂၀၂၃ ဇန်ဝါရီလက ပုသိမ်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးဆီက လက်ကိုင်ဖုန်း တွေ့တဲ့အပေါ် ရိုက်နှက် စစ်ဆေးတာနဲ့ ဟင်္သာတထောင်က သေဒဏ်ကျ ကျောင်းဆရာ တစ်ဦးကို ပုသိမ်ထောင်မှာ ကြိုးပေးကွပ်မျက်ဖို့ ပြင်ဆင်နေတာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ကန့်ကွက်ဆန္ဒပြတဲ့အပေါ် ထောင်အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။
ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် အသက် ၃၃ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုး (ခ) ကိုရာစုသေဆုံးပြီး အကျဉ်းသား ခုနစ်ဆယ်နီးပါး ဒဏ်ရာရခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ဖမ်းဆီးခံထားရသူ ၁၉,၉၄၃ ဦးရှိပြီး အဲဒီအထဲက ၇,၁၉၉ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။