ပုသိမ်မြို့ခံ နှစ်ဦး CDM နဲ့ PDF ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင် ၂၂ နှစ်စီချခံရ
2023.12.05

ပုသိမ်မြို့ခံ နှစ်ဦးကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့ပြီး ဖောက်ခွဲရေးပစ္စည်းတွေ တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုသိမ်ထောင်တွင်း အထူးတရားရုံးကနေ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထောင် (၂၂) နှစ်စီချလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပုသိမ်မြို့၊ အမှတ် (၈) ရပ်ကွက်၊ မဟာဗောဓိလမ်းမှာ နေထိုင်တဲ့ အသက် (၂၂) နှစ်အရွယ် မချစ်စုထွန်းနဲ့ အသက် (၃၅) နှစ်အရွယ် ကိုသိန်းဇော်တို့ကို CDM ဝန်ထမ်းတွေနဲ့ PDF အဖွဲ့ကို ထောက်ပံ့ပြီး ဖောက်ခွဲရေးပစ္စည်းတွေပါ တွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုနှစ်၊ ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့တာပါ။
စစ်ကောင်စီတပ်သားတွေဟာ မချစ်စုထွန်းကို အရင်ဖမ်းဆီးခဲ့တာဖြစ်ပြီး ကိုသိန်းဇော် ကိုတော့ နောက်နှစ်ရက်ခန့်အကြာမှာ ထပ်မံဖမ်းဆီးခဲ့တာလို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေနဲ့ ပုသိမ်မြို့ခံတွေက ပြောပါတယ်။
နှစ်ဦးစလုံးကို ပုသိမ်ခရိုင် တရားသူကြီးက ထောင်တွင်းအထူးတရားရုံးကနေ ပုဒ်မ ၅၂ (ခ)၊ ပုဒ်မ ၅၄၊ ပုဒ်မ ၅၀၅ (ခ) တို့နဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ထောင် (၂၂) နှစ်စီချလိုက်တာလို့ ပုသိမ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"မချစ်စုထွန်းနဲ့ နှစ်ယောက်ပါ။ ကိုသိန်းဇော်ဆိုတဲ့ တစ်ယောက်လည်း ပါတယ်။ ပုဒ်မကလည်း ဒီပုဒ်မတွေပဲ။ နှစ်ယောက်စလုံးကို တစ်နေ့တည်းမှာပဲ ထောင်ဒဏ် (၂၂) နှစ် ချမှတ်လိုက်တာလည်း မှန်ပါတယ်"
မချစ်စုထွန်းဟာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြလှုပ်ရှားမှုတွေမှာပါ ပါဝင်တာကြောင့် စစ်ကောင်စီတပ်သားတွေရဲ့ စောင့်ကြည့်တာ ခံခဲ့ရသူလို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အခုနှစ် ဇွန်လမှာတော့ စစ်ကောင်စီတပ်သားတွေဟာ မချစ်စုထွန်းကို သူ့ရဲ့ နေအိမ်အဝင်မှာ လမ်းနှစ်ဖက်ကိုပိတ် ဖမ်းဆီးခဲ့ပြီး အခုလို ထောင်ချလိုက်တာလို့ အဲဒီရပ်ကွက်မှာ နေထိုင်သူ တစ်ဦးက RFA ကို ပြောပါတယ်။
"သူက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်တယ်။ သူ့ကို စွပ်စွဲတာက အကြမ်းဖက်တာ၊ CDM၊ PDF ထောက်ပံ့နေတယ်။ နောက်တစ်ခါ ဖောက်ခွဲရေးတွေနဲ့ ပတ်သက်တယ်ဆိုပြီးတော့ အဲလို ဖမ်းသွားတာ။၂၀၂၃ ဇွန်လထဲမှာ ဖမ်းသွားတာ။ အမိန့်ချတာက ဒီလ ၃၀ ရက်နေ့က"
လက်ရှိ ပုသိမ်မြို့က နိုင်ငံရေးအမှုနဲ့ ထောင်ချခံရသူတွေထဲမှာ မချစ်စုထွန်းနဲ့ ကိုသိန်းဇော်တို့က နှစ်အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ပုသိမ်အကျဥ်းထောင်မှာ သေဒဏ်အပြစ်ပေးခံရသူနဲ့ နှစ်ရှည်ထောင်ချမှတ်ခံရ သူတွေ အပါအဝင် နိုင်ငံရေး အကျဥ်းသားခြောက်ရာဝန်းကျင်ရှိပြီး အဲဒီအထဲမှာ အမျိုးသမီး တစ်ရာခန့် ပါဝင်တယ်လို့ နိုင်ငံရေးအကျဥ်းသားနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအောင်သိန်းဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အစည်းအဝေးလုပ်နေတာကြောင့် လတ်တလော မဖြေကြားနိုင်သေးကြောင်းသာ ပြန်လည်ဖြေဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့အထိ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၁၉၇၀၇ ဦး ရှိလာပြီဖြစ်ပါတယ်။