ပေါက်နဲ့ ပခုက္ကူက နေအိမ် ၃ဝဝ ကျော် မီးရှို့ဖျက်ဆီးခံရပြီး လူဦးရေ တစ်သောင်းကျော် ထွက်ပြေးနေရ

ဧပြီ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ မကွေးတိုင်း ပေါက်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်တွေထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သလို နေအိမ်တွေကိုလည်း မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၃ဝဝ ကျော် မီးလောင်ပျက်စီးခဲ့ကာ ရွာပေါင်း ၁၄ ရွာထက် မနည်းက ဒေသခံ တစ်သောင်းနှစ်ထောင်ကျော် ထွက်ပြေးနေရပါတယ်။
ဧပြီလ ၆ ရက်နေ့ ည ၁ဝ နာရီဝန်းကျင်ကစပြီး ပေါက်မြို့နယ်တောင်ပိုင်း ရေကျော်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်စီးနင်းဝင်ရောက်ခဲ့ပြီး လေယာဉ်နဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၃ဝဝ ဝန်းကျင်ရှိတဲ့ ရေကျော်ရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပြီး နေအိမ် ၂၅ဝ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ထွက်ပြေးနေရတဲ့ ရေကျော်ရွာသား တစ်ဦးက ပြောပါတယ်။
" ကျနော်တို့ရွာကို အဓိကထားရှို့တာ၊ ကျနော့်အိမ်လည်းပါသွားတယ်၊ နေစရာဆိုလို့ တောထဲနေရလို့သာ နေစရာရှိတာ ကျနော်တို့မှာအိမ်မရှိတော့ဘူး၊ တစ်ရွာလုံးမှာ ပြစရာဆိုလို့ ပြာပုံပဲရှိတော့တာ၊ အိမ်နဲ့နေနိုင်ဖို့ အနှစ်နှစ်အလလက ကြိုးစားခဲ့ရတာ၊ ပြန်စရာဆိုလို့ အိမ်ကိုမရှိတော့ဘူး၊ ဒါတို့နေခဲ့တဲ့ နေရာပါလားဆိုတဲ့ နေရာလေးပဲ ရှိတော့တာ၊ ဘာဆို ဘာမှမရှိတော့ဘူး၊ ပြာပုံပဲရှိတော့တာ "
စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ရွာထဲက အဘိုးအိုတစ်ဦးသေဆုံးခဲ့ပြီး လူနေအိမ်တွေအပြင် ရွာသားတွေ မွေးထားတဲ့ ဆိတ်အကောင်ရေ ၃ဝဝ ကျော်နဲ့ နွားကောင်ရေ ၁ဝဝ ခန့်လည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ရေကျော်ရွာသားတွေဟာ စပါးနဲ့ ကွမ်းကို အဓိက စိုက်ပျိုးကြပြီး ကွမ်းခြံတွေပါ မီးထဲပါသွားခဲ့ကာ လယ်ယာသုံး ထွန်စက်နဲ့ ရွာက ကားတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းယူသွားတယ်လို့ဆိုပါတယ်။
ထွက်ပြေးနေရတဲ့ ရေကျော်ရွာခံ တစ်ထောင်ကျော်ဟာ တောထဲမှာ လတ်တလော နေထိုင်နေရပြီး စားနပ်ရိက္ခာနဲ့ ရေ လိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။
သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေပါ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ် ရိက္ခာတွေ မပါလာတဲ့အပြင် အနီးအနားရွာတွေမှာပါ စစ်ကောင်စီတပ်က စစ်ကြောင်း ဝင်နေတာကြောင့် အကူအညီလည်း မရဘူးလို့ သိရပါတယ်။
ထမင်းဟင်းချက်ဖို့ သောက်သုံးရေကိုတောင် လေယာဉ်သံမကြားတဲ့အချိန်မှာ ခပ်ယူနေရပြီး လူစုနေတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပစ်ခတ်တာကြောင့် ထမင်း မချက်ရလို့ ထမင်းမစားရတဲ့ နေ့တွေရှိတယ်လို့ ပြောပါတယ်။
"အိမ်နဲ့နေနိုင်ဖို့ အနှစ်နှစ်အလလက ကြိုးစားခဲ့ရတာ၊ ပြန်စရာဆိုလို့ အိမ်ကိုမရှိတော့ဘူး"
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက် ညနေပိုင်းက ရေကျော်ရွာအနီး စစ်ကောင်စီရဲ့ သရက်ကာကွယ်ရေး ပစ္စည်းစက်ရုံ ကပစ ၁၂ က သယ်လာတဲ့ လက်နက်တွေကို ပေါက် PDF နဲ့ ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေက လမ်းမှာဖြတ်တိုက်ခဲ့ပြီး သုံးပွင့်ဗိုလ်အပါအဝင် ခုနစ်ဦး သေဆုံးခဲ့တယ်လို့ PDF အဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းကား တစ်စီးကိုလည်း PDF ဘက်က သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ် ခုလိုတိုက်ခိုက်ခံလိုက်ရပြီးနောက် ဧပြီလ ၆ ရက် အဲဒီညမှာပဲ စစ်ကား သုံးစီးနဲ့ ရောက်လာပြီး ရေကျော်ရွာကို စတင်မီးရှို့ခဲ့တာလို့ ပြောပါတယ်။
ထွက်ပြေးနေကြတဲ့ ဒေသခံတွေနဲ့ PDF တွေကို စစ်ကောင်စီတပ်ဖွဲ့တွေက တောနင်း ရှာဖွေနေပြီး ရဟတ်ယာဉ်နဲ့ PDF တွေ ရှိမယ့်နေရာတွေကိုလိုက်လံပစ်ခတ်တာလို့ PDF ပြန်ကြာရေး တာဝန်ခံတစ်ဦး ပြောပါတယ်။
"သူတို့ကမနိုင်ရင် ရဟတ်ယာဉ်သုံးတာပဲ၊ မြေပြင်မှာ လူအင်အား လက်နက်အင်အား သာနေလည်း သူတို့ကတော့ သူတို့လူတွေ စိတ်ဓာတ်မကျအောင် မနိုင်နိုင်အောင် လက်နက်ချင်း မတိုက်တော့ဘဲ ရဟတ်ယာဉ် တွေသုံးပြီးတိုက်တာပဲ သာလွန် အင်အားကြီးတွေ သုံးပြီး တူမီးကိုလေယာဉ်နဲ့တိုက်တာတွေ ရွာတွေကို မီးရှို့တာတွေက လုပ်နေကျပါပဲ "
စစ်ကောင်စီတပ်က ရေကျော်ရွာကိုမီးရှို့ပြီးနောက် ဆူးလေကုန်းရွာဘက်က နောက်ထပ် စစ်ကြောင်း တစ် ကြောင်းက ဧပြီလ ၇ရက်နေ့ ညနေပိုင်းမှာ ကျောင်းကုန်းရွာကိုလည်း ထပ်မံမီးရှို့ခဲ့တယ်လို့ ပြောပါတယ်။
ကျောင်းကုန်းရွာက အိမ်ခြေ ၇၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့တာပါ။
ပေါက်မြို့နယ်က ရေကျော်ရွာ အပါအဝင် ဖန်းကြီး၊ တုတ်စု၊ အင်းတော၊ ရွာသာအေး၊ ညောင်ဝန်းတောင်စုနဲ့ ညောင်ဝန်း မြောက်စု၊ ကျောင်းကုန်း၊ ကျွန်းပင်၊ နံ့သာ၊ ထန်းတောဦး စတဲ့ရွာ ၁၄ ရွာက ဒေသခံပြည်သူ တစ်သောင်းလောက် ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
ပခုက္ကူမြို့နယ်အတွင်းက ရွာတွေမှာလည်း စစ်ကောင်စီတပ်တွေက လေယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတစ်ဦး ပြောပါတယ်။
"၇ ရက်နေ့မှာ လေကြောင်းသုံးပြီးပစ်တယ်၊ ကျွဲအင်းရွာက တစ်ယောက်ကျသွားတယ်၊ ကျွဲအင်းမှာက လေကြောင်းနဲ့သုံးပြီး ပစ်တယ်၊ လေကြောင်းနဲ့လည်း ထောက်တယ် "

အဲဒီရွာတွေထဲကို စစ်ကောင်စီတပ်တွေနဲ့အတူ ပျူစောထီးတွေလည်း ဝင်ရောက်နေပြီး အင်အားကတော့ ခန့်မှန်းလို့ မရဘူးလို့ ဆိုပါတယ်။
ဧပြီလ ၈ ရက်နေ့မှာလည်း စစ်ကောင်စီတပ်တွေဟာ ပေါက်မြို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ပခုက္ကူမြို့နယ်ထဲက မြစ်ဖျားရွာကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပြီးတဲ့နောက် အိမ် ၈၆ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ မြစ်ဖျားရွာသားတွေက ပြောပါတယ်။
မြစ်ဖျားရွာကို ဆိပ်ဖြူဘက်က စစ်ကောင်စီတပ်သား အင်အား ၂ဝဝ ဝန်းကျင်နဲ့ ပတ်ဝင်လာတာဖြစ်ပြီး အခုလို ပစ်ခတ်မှုကြောင့် အသက်၂ဝ ကျော်အရွယ် ကိုကျော်စွာဦး သေဆုံးခဲ့ပြီး ၁၃ နှစ်အရွယ်ကလေး တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြစ်ဖျားရွာသားတစ်ဦးက ပြောပါတယ်။
" ၈ရက်နေ့ကစပြီး လေယာဉ်သုံးပစ်တာ၊ လေယာဉ်ကနှစ်စင်းလာတာ၊ တစ်စင်းပြီး တစ်စင်းပစ်တာ၊ အောက်ဘက်ကျွန်းရင်းဘက်မှာလည်း ရွာတွေမီးရှို့နေတော့ ပြေးရတာ၊ ရှောင်တိမ်းပြေးလွှားပြီး အဆင်ပြေသလို နေရတယ်"
မြစ်ဖျားရွာမှာ အိမ်ခြေ ၄၃ဝ ရှိပြီး ဒေသခံ ၂ဝဝဝ လောက်လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ မကွေးတိုင်း ပေါက်မြို့နယ်နဲ့ ပခုက္ကူမြို့နယ်က ရွာတွေထဲ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်နိုင်ခြင်း မရှိသေးပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းအရ မကွေးတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ မတ်လအတွင်း ရွာပေါင်း ၁၈ ရွာက နေအိမ်ပေါင်း ၇ဝဝ ကျော် မီးရှို့ခံခဲ့ရပြီး ဒီလထဲ လတ်တလောစာရင်းတွေအရ အိမ်ခြေ ၃ဝဝ ကျော်နဲ့ဆိုရင် အိမ်အလုံးရေ တစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
Data for Myanmar ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂ဝ၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့လို့ နေအိမ် အလုံးပေါင်း ၇၉၇၃ လုံး ပျက်စီး ခဲ့တယ်လို့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်က ထုတ်ပြန်ထား ပါတယ်။ အဲဒီထဲမှာ မကွေးတိုင်းက မီးရှို့ခံရတဲ့ အိမ်အလုံးရေ ၁၃ဝဝ နီးပါးရှိပြီး အခုဆိုရင် အိမ်အလုံးပေါင်း ၂၃ဝဝ ကျော် ရှိနေပြီဖြစ်ပါတယ်။