ပေါက်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦးဒဏ်ရာရ

RFA Burmese
2024.06.11
ပေါက်တောမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦးဒဏ်ရာရ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည့် ပေါက်တောမြို့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Mg Kyaw Min

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ အမှတ် (၁) ရပ်ကွက်နဲ့ သဝင်ချောင်းရွာကို ဇွန်လ ၁၁ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ရွာသားသုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

Y12 အမျိုးအစား လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ ပေါက်တောမြို့ အမှတ် (၁) ရပ်ကွက်က ဒေသခံနှစ်ဦးနဲ့ သဝင်ချောင်းရွာက အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက် Y12 လေယာဉ်နဲ့ ဗုံးလာကြဲတာပါ။ သဝင်ချောင်းရွာက မိန်းမတစ်ယောက်ကတော့ မျက်လုံးကန်းသွားတယ်။ ပေါက်တော အမှတ်(၁) ရပ်ကွက်ကိုလည်း ဗုံးကြဲခဲ့တယ်။ လမ်းမှာ သုံးယောက် စကားပြောနေကြတာ နှစ်ယောက်မှာ ဒဏ်ရာအပြင်းအထန်ရသွားတယ်"

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်က အရပ်သားတွေရှိတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၄ ရက်ကလည်း သံတွဲမြို့နယ်၊ ဆင်ခေါင်းရွာကို လက်နက်ကြီးရော လေကြောင်းနဲ့ပါ တိုက်ခိုက်ခဲ့လို့ အရပ်သား ၁၄ ဦး သေဆုံးခဲ့ပြီး ၂၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား ၁၉၄၂ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အရပ်သား ၃၈၆၆ ဦးလည်း ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။