အင်အားသုံးတိုက်ခိုက်ခံရမှုကြောင့် ပေါက်တောမြို့လုံးကျွတ်နီးပါး ထွက်ပြေးနေရ

RFA Burmese
2023.11.16
အင်အားသုံးတိုက်ခိုက်ခံရမှုကြောင့် ပေါက်တောမြို့လုံးကျွတ်နီးပါး ထွက်ပြေးနေရ ရခိုင်ပြည်နယ် ပေါက်တောမြို့အား တွေ့ရစဉ်။
The Akyab Post Facebook

ရခိုင်ပြည်နယ်က ပေါက်တောမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က ဒီနေ့မနက်က ဝင်ရောက်ထိန်းချုပ် လိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းနဲ့ အင်အားသုံးပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် မြို့ခံအားလုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မွန်းလွဲ ၁ နာရီခွဲခန့်ကနေ စတင်ပြီး ဆက်တိုက်ပစ်ခတ်နေတာကြောင့် မြို့ခံသားတွေက မြို့ပြင်ကို အခုလို အသက်လု ထွက်ပြေးနေကြရတာလို့ ပြေးနေရသူ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အားလုံးထွက်လို့ ရောက်လိုက်ကြမလားမသိဘူး။ မြို့ကတော့ သွားပြီထင်တယ်။ ရေကြောင်းကရော လေကြောင်းကပါ ပစ်နေတာ”

ကုလားတန်မြစ်ကြောင်းအတိုင်း ပေါက်တောမြို့ဘက်ကို ဦးတည်ပြီးတက်လာတဲ့ နေဗီနှစ်စင်းက စစ်တွေမြို့ရဲ့ တစ်ဖက်ကမ်း ပွဲကြည့်တောင်အနီးအရောက်မှာ လက်နက်ကြီးနဲ့ အချက် ၁၀ ကျော် စတင်ပစ်ခတ်ခဲ့တယ်လို့ ဆို ပါတယ်။

အဲဒီနောက် အဲဒီနေဗီကပဲ ကျွဲကူမြစ်ကြောင်းအတိုင်း ပေါက်တောမြို့ဘက်ကို ဆန်တက်လာပြီး ပစ်ခတ်နေသလို စစ်တွေမြို့ဘက်ကလာတဲ့ ရဟပ်ယာဉ်ကပါ အဆက်မပြတ် ပစ်ခတ်ခဲ့တာလို့ အဲဒီမြို့ခံက ဆက်ပြောပါတယ်။

“နေဗီသုံးစင်းမှာ နှစ်စင်းက တက်လာတယ်။ နောက်တစ်စင်းကတော့ မြစ်ထဲမှာကျန်ခဲ့တယ်။ အခုလေယာဉ်က လည်း ဝဲပြီးတော့ ပစ်နေတယ်။ လေယာဉ်က တစ်စင်းတည်းပါ။ မြို့ကလူတွေကတော့ နီးစပ်ရာကို ထွက်ပြေးနေ ကြတယ်”

နောက်ထပ် လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါက်တောမြို့ခံတစ်ဦးကလည်း စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတစ်ခု ကျဆုံးခဲ့ရတာကြောင့် အခုလို မြို့ကို ရေကြောင်း၊ လေကြောင်းက ပစ်ခတ်နေတာလို့ ပြောပါတယ်။

“မြို့ကလူတွေကတော့ မြို့ဧရိယာပြင်ပ ဘေးလွတ်ရာကို ထွက်ပြေးလို့ ရောက်လိုက်ကြတယ်။ ပစ်တော့ပစ်နေ ကြတယ် သူတို့ (စစ်ကောင်စီ)။ မြို့ခံတွေ ထိခိုက်မှုကိုတော့ တစ်ခုမှ မသိရသေးဘူး။ ကျွန်တော်တို့လည်း ပုန်းနေ ရသေးတယ်”

ဒီနေ့ညနေပိုင်း ၃ နာရီကျော်က ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကို တက်လာတဲ့ ရုပ်သံဖိုင်တစ်ခုအရ ပေါက်တောမြို့ခံတွေ ဘေးလွတ်ရာကို ကား၊ ဆိုင်ကယ်၊ ကုန်းကြောင်းပြေးနေကြရတာကို တွေ့ရပါတယ်။

ပေါက်တောမြို့က ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။