ပေါက်တောမြို့ပေါ်ပိတ်မိနေတဲ့ ဒေသခံ ၁၃ ဦးကို AA လေးကြိမ်မြောက်ကယ်ထုတ်

RFA Burmese
2023.12.02
ပေါက်တောမြို့ပေါ်ပိတ်မိနေတဲ့ ဒေသခံ ၁၃ ဦးကို AA လေးကြိမ်မြောက်ကယ်ထုတ် ရခိုင်ပြည်နယ် ပေါက်တောမြို့ပေါ်မှာ ပိတ်မိနေသည့် ဒေသခံများအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က ရက္ခိုင့်တပ်တော် (AA) မှ ခေါ်ဆောင်လာစဉ်။
ARAKAN ARMY

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ပေါ်မှာ ပိတ်မိနေတဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံ ၁၃ ဦးကို ဒီဇင်ဘာ ၁ ရက်မှာ လေးကြိမ်မြောက်ကယ်ထုတ်ခဲ့ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က မနေ့က ရုပ်သံဖိုင်နဲ့အတူ ထုတ်ပြန်ပါတယ်။

အဲဒီရုပ်သံဖိုင်အရ ပေါက်တောမြို့တွင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲနေတဲ့အပြင် ရေကြောင်းနဲ့ လက်နက်ကြီးနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေပြီး အဲဒီကြားထဲကနေပဲ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ထုတ်နေတာပါ။

ကယ်ထုတ်လာနိုင်သူတွေရဲ့ အရေအတွက်ကို ဖော်ပြထားတာမရှိပေမယ့် ရုပ်သံဖိုင်အရ ကလေးခြောက်ဦး၊ သက်ကြီးရွယ်အို လေးဦးနဲ့ အမျိုးသမီးသုံးဦး၊ စုစုပေါင်း ၁၃ ဦးကို တွေ့ရပါတယ်။

လက်ရှိ မြို့ပေါ်မှာပိတ်မိသူတချို့ ကျန်နိုင်ပေမယ့် ပေါက်တောမြို့ဘက်ကို စစ်တွေဘက်ကနေ လက်နက်ကြီးနဲ့ နေ့စဉ်ပစ်ခတ်နေသလို လေကြောင်းနဲ့ ရေကြောင်းပစ်ခတ်မှုပါရှိတာကြောင့် ထွက်မရဖြစ်နေကြတယ်လို့ ပေါက်တောမြို့မှာ လူမှုကူညီရေး လုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“နည်းနည်းလောက်တော့ ကျန်ဦးမယ်။ အကုန်လုံးက ထွက်လို့ရမယ် မထင်ဘူး။ လက်ရှိက တိုက်ပွဲက နေ့စဉ် ဖြစ်နေတယ်။ လေယာဉ်ရောလာပစ်တယ်။ ရေတပ်ကလည်းပစ်တယ်။ စစ်တွေကနေ ညတိုင်း၊ နေ့တိုင်း လက်နက်ကြီးတွေနဲ့ ပစ်နေတယ်။ ညပိုင်းဆိုရင် တစ်ညလုံးလိုလိုပစ်တယ်။ နေ့ဘက်လည်းပစ်တယ်”

နိုဝင်ဘာ ၂၈ ရက်ကလည်း ပေါက်တောမြို့ပေါ် အိမ်တွေထဲပိတ်မိနေတဲ့ ဒေသခံကိုးဦးကို ကယ်ထုတ်ပေးခဲ့သလို နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဒေသခံ ၁၀၄ ဦးနဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဒေသခံ ၁၂၀ ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ (AA) က ထုတ်ပြန်ထားပါတယ်။

အဲဒီဒေသခံတွေဟာ စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းကာအဖြစ် ထိန်းသိမ်းခံထားရတာ ဖြစ်တယ်လို့လည်း AA အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီဒေသခံတွေဟာ အရင်ကတည်းက သူ့အိမ်နဲ့သူ နေထိုင်နေကြသူတွေဖြစ်ပြီး AA အဖွဲ့က မြို့ထဲမှာနေရာယူဖို့ ဒေသခံတွေကို နှင်ထုတ်ခဲ့တာဖြစ်တယ်လို့ နိုဝင်ဘာလ ၂၂ ရက်နေ့ နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် တုံ့ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။