ပဇီကြီးရွာအနီး လေကြောင်းမှားပစ်လို့ စစ်သား ၂၀ ခန့်သေဆုံးကြောင်း ဒေသခံတွေပြော

RFA Burmese
2023.04.24
ပဇီကြီးရွာအနီး လေကြောင်းမှားပစ်လို့ စစ်သား ၂၀ ခန့်သေဆုံးကြောင်း ဒေသခံတွေပြော စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံအချို့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီလ ၂၀ ရက်နေ့မှာ လေကြောင်းက မှားယွင်းပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ နီးပါးသေဆုံး ပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဒီကနေ့ပြောပါတယ်။

ဂျက်တိုက်လေယာဉ်တစ်စင်းဟာ ပဇီကြီးရွာကို ပေါက်ကွဲအားပြင်းထန်တဲ့ ဗုံးခြောက်လုံး ထက် မနည်း ပစ်ခဲ့ချိန် ရွာအနီးမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းတွေကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေကိုတော့ ဧပြီလ ၂၄ ရက် ဒီနေ့မနက်မှာမှ ပဇီကြီးရွာအနီးကို အိမ်စီးကား သုံးစီး ရောက်လာပြီး လာခေါ်သွားတယ်လို့ အမည်မဖော်လိုတဲ့ ပဇီကြီးရွာခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဒီနေ့မနက် ၉ နာရီလောက်က အိမ်စီးကားသုံးစီးနဲ့ လာခေါ်သွားတယ်။ ဒဏ်ရာရထား တဲ့ စစ်ကောင်စီတပ်သား ခုနစ်ဦးပါသွားတယ်။ သပိတ်ကျင်းမြို့နယ်ထဲက ခုတင် ၁၀၀ ဆေးရုံမှာ ဆေးကုသပေးနေ တယ်လို့ သတင်းရထားပါတယ်။ သေသွားတဲ့ စစ်ကောင်စီ တပ်သား အလောင်းတွေကိုတော့ ရွာနားမှာ မြှုပ်မယ်ထင်တယ်"

အင်အားနှစ်ရာနီးပါးရှိတဲ့ ရွှေဘိုလေ့ကျင့်ရေးတပ် (၁၃) က စစ်ကြောင်းဟာ ဧပြီ ၁၉ ရက်နေ့ကတည်းက ပဇီကြီးရွာအနီးကို စစ်ကြောင်းထိုးဝင်ရောက်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီလေတပ်က သူတို့စစ်ကြောင်းဘက်ကို မှားယွင်းပစ်ခတ်မှုအတွင်း ဒေသခံတွေ ထိခိုက်ဒဏ်ရာ ထပ်ရတာမျိုးတော့မရှိဘဲ စစ်ကောင်စီတပ်သားတွေသာ ထိခိုက်သေဆုံး ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းပြန်ဖြေဆိုခြင်း မရှိပါဘူး။

စစ်ကြောင်းဟာ ပဇီကြီးရွာအနီးမှာပဲ လက်ရှိ ဆက်လက်တပ်စွဲထားတာကြောင့် ရွာအခြေအနေနဲ့ ထိခိုက် ပျက်စီးတဲ့ အခြေအနေအသေးစိတ်ကိုတော့ တိတိကျကျ ပြောလို့မရသေးဘူးလို့ ဒေသခံက ပြောပါတယ်။

ဧပြီလ ၁၁ ရက်နေ့က ပဇီကြီးရွာမှာပြုလုပ်တဲ့ ပ.အ.ဖရုံးဖွင့်ပွဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပါအဝင် ဒေသခံ ၁၆၈ ဦးအထိ သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။