မတ္တရာက PDF စခန်းတွေ စီးနင်းသိမ်းပိုက်ခံရ

RFA Burmese
2024.09.30
မတ္တရာက PDF စခန်းတွေ စီးနင်းသိမ်းပိုက်ခံရ မန္တလေးတိုင်း မတ္တရာမြို့တစ်နေရာကို တွေ့ရစဉ်။
Citizen Photo

မန္တလေးတိုင်း မတ္တရာမြို့နယ်၊ အနောက်ခြမ်း ဧရာ၀တီမြစ်ဘေးအနီး သုံးဆယ်ပေးရွာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်စခန်း အပါအဝင် တခြားတပ်စခန်းတချို့ကို စီးနင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၃၀ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့ကစလို့ မတ္တရာမြို့နယ် ဧရာ၀တီမြစ်ဘေးက PDF စခန်းတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သုံးဆယ်ပေးရွာက တပ်စခန်းတွေကို စီးနင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

သုံးဆယ်ပေးရွာရဲ့အနီး မြစ်ဘေးရွာတွေဖြစ်တဲ့ ကုန်းတန်းလေး၊ ကုန်းတန်းကြီး၊ ဘိုကုန်း၊ ကြိမ်တော၊ ဘုရားမကုန်း၊ ဆူးလေကုန်း၊ ရွှေဘောင်၊ သဖန်းဒေါင့်၊ ငယ်တိုးနဲ့ သနပ်ကုန်းရွာတွေကိုလည်း နယ်မြေရှင်းလင်းရေး လုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

မြစ်ဘေးရွာတွေမှာ အခြေချထားတဲ့ PDF တွေက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ဧရာဝတီမြစ်အတွင်း ခရီးသွားသင်္ဘောတွေကို တိုက်ခိုက်မှု အကြိမ်ရေ ၁၄၆ ကြိမ် လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ မတ္တရာမြို့နယ် အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဘက်ကို RFA က ဆက်သွယ်ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီတပ် ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ မန္တလေး - မတ္တရာ ကားလမ်းဘေး ထန်းပင်ကုန်းရွာ တပ်စခန်းကိုလည်း စစ်ကောင်စီတပ်က သိမ်းပိုက်ခဲ့တယ်လို့ စက်တင်ဘာလ ၂၉ ရက်က ဓာတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။

မန္တလေးမြို့နဲ့ ဆယ်မိုင်ခန့်ဝေးတဲ့ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာ၀တီမြစ်ဘေးက တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ လုပ်တာကြောင့် အရပ်သား လေးဦး သေဆုံးသလို နေအိမ်တွေလည်း မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစခဲ့တဲ့ ဇွန် ၂၅ ရက်နောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မတ္တရာမြို့နယ်ထဲက စစ်ကောင်စီ တပ်စခန်း ၃၅ ခုကို သိမ်းယူနိုင်ခဲ့တယ်လို့ ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။