မြန်အောင်မြို့နယ်မှာ PDF စခန်းတစ်ခု စီးနင်းခံရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရ

RFA Burmese
2023.06.04
မြန်အောင်မြို့နယ်မှာ PDF စခန်းတစ်ခု စီးနင်းခံရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းရွာအနောက်ဘက်မှ စီးနင်းခံရသည့် PDF စခန်းအား ၂၀၂၃ ခုနှစ် ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။
Ko Paukk Telegram

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းရွာအနောက်ဘက် မြန်အောင်သစ်တော ကြိုးဝိုင်းထဲက PDF စခန်းတစ်ခုကို ဇွန်လ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်သိမ်းဆည်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် လက်လုပ်သေနတ် အပါအဝင် လက်နက်ခဲယမ်းတွေ၊ ဆေးပစ္စည်းတွေပါ အသိမ်းခံလိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်အောင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒါက ဘန်းဘွေ့ကုန်းရွာ အနောက်ဘက်မှာဖြစ်သွားတာ။ စခန်းစီးနင်းခံရတာတော့ မှန်တယ်။ ဘယ်အဖွဲ့ရဲ့ စခန်းလဲဆိုတာတော့ မသိရသေးဘူး။ သတင်းပေးကြောင့်လည်း ဖြစ်နိုင်သလို အရင်အဖမ်းခံရသူထဲက စခန်းလိုက်ပြတာလည်းဖြစ်နိုင်တယ်၊ လက်လုပ် သေနတ်တွေ၊ ကျည်ဆန်နဲ့ ဆေးဝါးရိက္ခာတွေ အသိမ်းခံရတယ်”

ဧရာဝတီတိုင်း၊ မြန်အောင်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ပြည်သူတွေရဲ့သတင်းပေး ချက်အရ စီးနင်းနိုင်ခဲ့တာဖြစ်ပြီး လက်လုပ်သေနတ် ကိုးလက်အပါအဝင် ဆက်စပ်ပစ္စည်း ၂၃ မျိုးကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမျိုးမရှိသလို စစ်ကောင်စီရဲ့ ဧရာဝတီတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမောင်မောင်သန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ဧရာဝတီတိုင်းဟာ စစ်ကောင်စီကိုခုခံတော်လှန်မှုအားနည်းနေတဲ့ အခြေအနေမှာပဲ အခုလို PDF စခန်းတွေ မကြာခဏ စီးနင်းခံနေရတာပါ။

မေလ ၂၉ ရက်နေ့ကလည်း ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အနီး သံပုရာကုန်းရွာ အနီးမှာ PDF အဖွဲ့တစ်ခုရဲ့ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းခံခဲ့ ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။