PDF ကို ငွေငါးထောင်ထောက်ပံ့တယ်ဆိုတဲ့ စွဲချက်နဲ့ ခန္တီးမြို့ခံတစ်ဦး ထောင်ဆယ်နှစ်ချခံရ

2022.11.22
Share on WhatsApp
Share on WhatsApp
PDF ကို ငွေငါးထောင်ထောက်ပံ့တယ်ဆိုတဲ့ စွဲချက်နဲ့ ခန္တီးမြို့ခံတစ်ဦး ထောင်ဆယ်နှစ်ချခံရ အကြမ်းဖက်ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံလိုက်ရတဲ့ မအေးသီရိ(ခ) မဖူးဖူး။
Photo: RFA

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို Kpay ငွေလွှဲစနစ်ကတစ်ဆင့် ငွေကျပ်ငါးထောင် ထောက်ပံ့လို့ဆိုပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းတိုင်း ခန္တီးမြို့ခံ မအေးသီရိ (ခ) မဖူးဖူးကို စစ်ကောင်စီက နိုဝင်ဘာလ ၂၂ ရက် ဒီနေ့ ထောင်ဒဏ်ဆယ်နှစ် ချမှတ်လိုက်ပါတယ်။

“မတရားခံရတာလို့ ပြောချင်ပါတယ်။ ပိုက်ဆံလှူတယ်ဆိုပြီး ဖမ်းသွားတာပါ။ ခရိုင်စခန်းမှူး ဦးအေးကျော်က တရားလိုလုပ်ပြီး ဖမ်းဆီးခဲ့တာပါ။ အခုထောင် ၁၀ နှစ်ချလိုက်တယ်။ အယူခံတော့ တက်ချင်ပါတယ်။ ဒါပေမဲ့ အယူခံတက်လည်း ထူးမှာမဟုတ်ဘူး၊ ပိုက်ဆံတွေပဲကုန်မယ်လို့ ပြောကြတယ်။ ဘာလုပ်ရမယ်မှန်းမသိဘူး။ သူကိုလွတ်မြောက်စေချင်တာပဲ ရှိပါတယ်” … လို့ မအေးသီရိရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

မအေးသီရိကို ခန္တီးမြို့နေအိမ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ခန္တီးခရိုင်ရဲစခန်းအချုပ်မှာ ကိုးလကျော်ကြာ ထိန်းသိမ်းထားပြီးနောက် အခုမှ အမိန့်ချမှတ်လိုက်တာပါ။

အသက် ၂၇ နှစ်အရွယ် မအေးသီရိဟာ ကျန်းမာရေးမကောင်းသလို၊ ဖမ်းဆီးခံထားရချိန်မှာလည်း သတိခဏခဏလစ်တတ်လို့ သူ့ရဲ့ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ မိသားစုဝင်က ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့လူငယ်တွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)နဲ့ တရားစွဲဆိုပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ကလိန်အောင် အမှတ် (၁) ရပ်ကွက်နေ အသက် ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူကို KPay ကနေ PDF တွေကို ထောက်ပံ့လို့ဆိုပြီး စစ်ကောင်စီက ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ စစ်ကောင်စီက ပြင်ဆင်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်အရ အကြမ်းဖက်အဖွဲ့အစည်းကို ငွေကြေးထောက်ပံ့တယ်ဆိုရင် အနည်းဆုံးထောင်ဒဏ် သုံးနှစ်ကနေ အများဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ငွေဒဏ် ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။