တကောင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်

RFA Burmese
2024.08.13
တကောင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ် တော်လှန်းရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့ရှိ တကောင်းနယ်မြေရဲစခန်းကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဥ်။
တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို ဩဂုတ်လ ၁၂ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်ပြီလို့ တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက RFA ကို ဩဂုတ်လ ၁၃ ရက်နေ့မှာ အတည်ပြုပြောပါတယ်။

ဩဂုတ် ၁၁ ရက်နေ့မှာ တကောင်းမြို့ပေါ်က စစ်ကောင်စီတပ်တွေ အထိုင်ချတဲ့ လေးမျက်နှာဘုရား၊ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးရုံး၊ တိုက်နယ်ဆေးရုံနဲ့ ရဲစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက် နှစ်ရက်မြောက်နေ့မှာ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာတာလည်း ဖြစ်ပါတယ်။

တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲတဲ့နေရာတွေအားလုံးနဲ့ မြို့ကို ထိန်းချုပ်ထားနိုင်ပြီလို့ RFA ကိုပြောပါတယ်။

“အလုံးစုံ ထိန်းချုပ်ထားနိုင်ပါပြီ။ စစ်ကောင်စီတပ်ဘက်က သေဆုံးတာရှိပါတယ်။ တချို့ အရှင်ဖမ်းမိတာလည်း ရှိပါတယ်။ အရေအတွက်ကတော့ ပြောပြလို့မရသေးပါဘူး”

တကောင်းမြို့ တိုက်ပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမှတ် (၁) စစ်ဒေသတပ်ရင်းတွေ အပါအဝင် သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တကောင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တကောင်းဒေသခံတစ်ဦးကတော့ စစ်ရေးအခြေအနေတွေကြောင့် အရင်ကတည်းက တကောင်းမြို့ခံ အားလုံးနီးပါး မြို့ပေါ်မှာ မနေကြတော့ဘဲ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်ခဲ့ကြတယ်လို့ သူကပြောပါတယ်။

မန္တလေးတိုင်း မြောက်ဘက်မှာရှိတဲ့ တကောင်းမြို့မှာ အိမ်ခြေ သုံးထောင်ကျော်ရှိပြီး စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် အစပ်မှာ ရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ စဥ့်ကူးမြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပြီး မတ္တရာ၊ သပိတ်ကျင်း၊ ပုသိမ်ကြီး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။