ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်စနစ်ပဲ ပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော

2022.09.28
ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်စနစ်ပဲ ပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ပြော ၂ဝ၂၂ ခုနှစ် ဇွန်လအတွင်းက နေပြည်တော်တွင် ပြုလုပ်သည့် ကောင်စီအစည်းအဝေးတစ်ခုကို တက်ရောက်လာသော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။
Photo: Myanmar Military

ဖက်ဒရယ်အခွင့်အရေး ပေးဖို့ဆိုတာမှာ ... ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးကိုသာ ပေးအပ်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာလ ၂၇ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ကောင်စီအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။ ဖက်ဒရယ်စနစ်ကိုကျင့်သုံးတဲ့ တခြားနိုင်ငံတွေမှာလည်း ဒီလိုပဲ ကျင့်သုံးနေတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့တွေနဲ့ ဒုတိယအကြိမ်ဆွေးနွေးနေပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ NCA ကို မျက်ကွယ်ပြုလို့ မရဘူးလို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ဆိုပါတယ်။

တိုင်းရင်းသားအရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ .... တိုင်းရင်းသားတွေဘက်က တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အမျိုးသားတန်းတူရေး ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ် တည်ဆောက်ရေးအပေါ် စစ်ခေါင်းဆောင်က လက်မခံလိုဘဲ သူပေးချင်တဲ့ ဖက်ဒရယ်ကိုသာ ပေးမယ်လို့ ပြောဆိုလိုက်တာဖြစ်ကြောင်း သုံးသပ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေအရ လူထုထောက်ခံမှု အားနည်းနေတဲ့ စစ်ခေါင်းဆောင်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အနေနဲ့ NUG အစိုးရနဲ့ ပူးပေါင်းသွားတာမျိုး မဖြစ်အောင်သာ ဆွေးနွေးနေတာဖြစ်တယ်လို့ ဦးသန်းစိုးနိုင်ကပြောပါတယ်။

စစ်ခေါင်းဆောင်ကတော့ တိုင်းရင်းသားတွေ နောက်ထပ်တောင်းဆိုနေတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေကို ဥပဒေနဲ့ အညီလွှတ်တော်လမ်းကြောင်းကနေသာ ဆောင်ရွက်ရမှာဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ကြိုတင်သဘောတူညီချက်ရရှိရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ အစည်းဝေးမှာထည့်သွင်းပြောဆိုသွားပါတယ်။ လက်ရှိမှာ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ပြည်ပပယောဂတွေကြောင့် ဝိဝါဒကွဲပြားနေတယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်ကဆိုပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ စက်တင်ဘာလ ၂၆ရက်နေ့မှာ NCA အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ NDAA မိုင်းလားအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံထားတာပါ။

ဒီတွေ့ဆုံမှုမှာ SSPP ဘက်က ဗမာပြည်နယ်ဖွဲ့စည်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရေး စတဲ့မူဝါဒလေးချက်နဲ့ အခြေခံမူငါးချက်ကို ဆွေးနွေးတောင်းဆိုထားပါတယ်။

“ဝ” တပ်ဖွဲ့ကတော့ ပြည်နယ် ရရှိရေးနဲ့ မိုင်းလား အဖွဲ့က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသတ် မှတ်ပေးရေးစတဲ့အချက်တွေကို ဆွေးနွးတောင်း ဆိုထားတယ်လို့ ဆွေးနွေးပွဲတက် ရောက်နေ တဲ့ SSPP တပ်ဖွဲ့ပြောခွင့်ရဒုတိယဗိုလ်မှူးကြီးစိုင်းဆုက ပြောပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခုနစ်ဖွဲ့နဲ့အပစ်ရပ်စာချုပ်မှာ လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့က ကိုယ်စားလှယ်တွေ ဒုတိယအကြိမ် တက်ရောက်ဆွေးနွေးနေတာပါ။

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ KNU ကရင်အမျိုးသားအစည်းအရုံးအပါဝင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ကိုးကန့်တပ်ဖွဲ့၊ MNDAA တပ်ဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ရဲ့ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို တက်ရောက်တာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။