ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲကျင်းပရေး စစ်ကောင်စီနဲ့ အပစ်ရပ်ငါးဖွဲ့ သဘောတူ
2022.12.29
စစ်ကောင်စီက ၂ဝ၂၃ ခုနစ်မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲတွေကို လက်ခံကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ငါးဖွဲ့က ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီငြိမ်းချမ်းရေး အဖွဲ့နဲ့ နေပြည်တော်မှာ လေးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA၊ ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA- PC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO စတဲ့ တိုင်းရင်းသား လက်နက်ကိုင်ငါးဖွဲ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
PPST အနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ် စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲတစ်ခုတည်းအပေါ်မှာ သဘောတူညီတာ မဟုတ်ဘဲ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ကို လက်ခံကျင်းပဖို့ သဘောတူညီတာဖြစ်တယ်လို့ PPST ပြောရေးဆိုခွင့် ရှိသူ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
"ပါတီစုံဒီမိုကရေစီစနစ်ကို ကျွန်မတို့ ဆွေးနွေးခြင်း လက်ခံခြင်းဟာ လာမယ့်ရွေးကောက်ပွဲတစ်ခုတည်းပေါ်မှာ ကွက်ပြီးတော့မှ ကျမတို့ပြောနေတာ မဟုတ်ဘူး။ ကျွန်မတို့က ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲစနစ်ရှိမယ် ဆိုတာကို ကျွန်မတို့ လက်ခံတာပဲ ဖြစ်ပါတယ်။"
ဒါ့အပြင်စစ်ကောင်စီနဲ့ NUG အပြင် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးကိုလည်း PPST က အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ်ကို လက်ခံကြောင်း၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးဒေသတည်ငြိမ်ရေး၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေး၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့ကို စစ်ကောင်စီနဲ့သဘောတူညီမှု ရခဲ့တယ်လို့ PPST ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
PPST နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲကနေ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံပါ ပုဒ်မအချို့ပြင်ဆင်နိုင်ဖို့အတွက် ဆွေးနွေးခဲ့ပေမယ့် ဘယ်အချက်တွေပြင်ဆင်မယ် ဆိုတာကိုတော့ ပြောကြားတာ မရှိခဲ့ပါဘူး။ ဒီဆွေးနွေးပွဲကို PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ RCSSနဲ့ မွန်ပြည်သစ်ပါတီ NMSP တို့ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အချက် ၁၀ ချက်ပြင်ဆင်ဖို့ အဆိုပြုချက်မူကြမ်းကိုသဘောတူခဲ့တယ်လို့ အပစ်ရပ်ဖွဲ့ငါးဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
အာဏာမသိမ်းခင်က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) လုံးအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အဟန့်အတားဖြစ်နေတဲ့ ပုဒ်မတွေပြင်ဆင်ဖို့ စစ်တပ်က အစဉ်တစိုက်ကန့်ကွက်ခဲ့တာပါ။
အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ PR စနစ်နဲ့ကျင်းပနိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက မှတ်ချက်ပြုပါတယ်။
အာဏာသိမ်းစစ်ကောင်စီကျင်းပမယ့် ၂ဝ၂၃ ခုနှစ်ရွေးကောက်ပွဲဟာ လိမ်ညာပြီး ကျင်းပမှာဖြစ်တဲ့အတွက် လုံးဝ ချေဖျက်နိုင်အောင် နိုင်ငံရေးစစ်ရေးနှစ်ခုစလုံးနဲ့ လုပ်ဆောင်ဖို့ ပြင်ဆင်ဖို့ အရေးကြီးတဲ့အချိန်ကာလဖြစ်တယ်လို့ ဇွန်လအမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါ လရှီးလ က ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။