ပဲခူး NLD ကျန်းမာရေးကွန်ရက်အဖွဲ့ နွမ်းပါးသူများကို အခမဲ့ ကုသပေး
2011.05.07
အခုလို စစ်ဆေး ကြည့်ရှု ကုသရာမှာ ဆရာဝန်တွေ ဖြစ်ကြတဲ့ ဒေါက်တာအောင်ခင်နဲ့ ဒေါက်တာစန်းမောင်မောင် တို့က စေတနာ့ဝန်ထမ်း စမ်းသပ်ကုသပေးခဲ့ရာမှာ ငွေကြေးမတတ်နိုင်သူ အနီး ပတ်ဝန်းကျင် ကျေးရွာတွေက ကလေးလူကြီး စုစုပေါင်း တရာနီးပါး လာရောက် ဆေးကုသ ခံယူခဲ့ကြတယ်လို့ သိရပါတယ်။
အပြင်ဆေးခန်းတွေမှာ ငွေကြေးမတတ်နိုင်သူတွေကို အခုလို အခမဲ့ ဆေးစစ်ဆေး စမ်းသပ်၊ ကုသပေးတဲ့အပြင် လိုအပ်တဲ့ ဆေးဝါးတွေကိုပါ ကွန်ရက်အဖွဲ့က ပေးလှူခဲ့တာနဲ့ ပတ်သက်လို့ NLD ကျန်းမာရေးကွန်ရက်အဖွဲ့ လူငယ်အဖွဲ့ဝင်တဦးက အခုလို ပြောပြပါတယ်။
“ကျနော်တို့ ပြည်သူတွေ အနေအထားနဲ့ကလည်း ငွေရေးကြေးရေး မတတ်နိုင်ဘူးဗျ။ တခြား ဆေးခန်းတွေ သွားမယ်ဆိုရင် ၃ ထောင် ၄ ထောင် ကုန်တယ်။ တနေ့ရှာတာမှ ၂ ထောင်၊ ၂ ထောင့် ၅ ရာပဲ ရတယ်။ အဲဒီလို အကုန်အကျမျိုး ရှိတဲ့အခါကျတော့ သူတို့မှာ မသွားနိုင်ဘူး။ အိမ်မှာပဲ ဆေးမြီးတိုလေးတွေနဲ့ ကုသနေရတယ်။ အခုလို ကျနော်တို့ သွားကုသတဲ့အခါကျတော့ သူတို့တွေ အရမ်းပျော်တယ်။ ပရဟိတ ဦးကိတ္ထိကျောင်းက ဓမ္မာရုံမှာ ထိုင်ပြီးတော့ ဆေးဝါးကုသပေးတာပါ”
ဆရာတော် ဦးကိတ္ထိကလည်း ဆေးဝါးကုသဖို့ လာရောက်ကြတဲ့ ပြည်သူတွေကို ထမင်းကျွေးမွေးပြီး ဧည့်ခံခဲ့တယ်လို့လည်း သိရပါတယ်။
အခုလို ပဲခူး NLD ကျန်းမာရေးကွန်ရက်အဖွဲ့က ပြည်သူတွေကို အခမဲ့ ကျန်းမာရေး စစ်ဆေးကုသမှု ပြုလုပ်ပေးတာ အခုတကြိမ်နဲ့ ဆိုရင် တတိယအကြိမ် ရှိပြီလို့လည်း NLD ကွန်ရက်အဖွဲ့က ပြောပါတယ်။