မြန်မာ့အရေးကို မတူကွဲပြားတဲ့ နည်းလမ်းသုံးအဖြေရှာဖို့ စစ်ကောင်စီကို သြစတြေးလျတိုက်တွန်း
မြန်မာနိုင်ငံအတွင်း သဘောထားကွဲလွဲမှုတွေကို သွေးထွက်သံယိုဖြိုခွဲတဲ့နည်းလမ်းနဲ့ ဖြေရှင်းတာတွေရပ်တန့်ပြီး မတူညီတဲ့နည်းလမ်းနဲ့ အဖြေရှာဖို့ စစ်ကောင်စီကို သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong က တိုက်တွန်းလိုက်ပါတယ်။
ဇူလိုင် ၂၇ ရက်နေ့ ဒီနေ့ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာပြည်အရေးအပေါ် မတူကွဲပြားတဲ့နည်းလမ်းသုံးပြီး ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့ စစ်ခေါင်းဆောင်တွေကို တိုက်တွန်းလိုက်တာပါ။
မြန်မာနိုင်ငံဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ပိုကောင်းအောင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ Penny Wong က ပြောခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
“မြန်မာနိုင်ငံအတွင်း စီးပွားရေးကျဆင်းတာ၊ မတည်မငြိမ်ဖြစ်တာ၊ မလုံခြုံတာနဲ့ သေဆုံးနေတာတွေကို မြင်နေရတယ်”
လက်ရှိ မြန်မာပြည်အခြေအနေဟာ စစ်ကောင်စီအတွက်ရော၊ မြန်မာပြည်သူတွေအတွက်ပါ ရေရှည်တည်တံ့စေမဲ့ နည်းလမ်းမဟုတ်ကြောင်း စစ်ခေါင်းဆောင်တွေကို သတင်းစကား ပါးချင်ပါတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံဟာ သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို ဦးဆောင်ခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ဘူးလို့ AFP သတင်းက ဆိုပါတယ်။
အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက စစ်ကာင်စီကို ပြင်းပြင်းထန်ထန်အရေးယူဖို့ တောင်းဆိုထားပေမဲ့လည်း ထိုင်းနိုင်ငံကတော့ စစ်ခေါင်းဆောင်တွေနဲ့ ထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အပြန်အလှန်ဆွေးနွေးဖို့ ရပ်တည်ပြောဆိုနေတယ်လို့လည်း ထောက်ပြထားပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက အာဆီယံ ဘုံသဘောတူညီချက်ငါးချက်ကို လိုက်နာအကောင်အထည်ဖော်ဖို့လည်း စစ်ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကတော့ မြန်မာပြည်တွင် ဖြစ်နေတဲ့ပြည်တွင်းစစ်ကို ကြေကွဲဖွယ်ရာလို့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ အခုလ ၂၅ ရက်နေ့ကစပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို သုံးရက်ကြာ ကျင်းပခဲ့တာပါ။
ဒီအစည်းအဝေးကို စစ်ကောင်စီက နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကိုစေလွှတ်ခဲ့ပြီး အစည်းအဝေးစတဲ့နေ့မှာပဲ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi) က စစ်ကောင်စီဟာ ဒေသတွင်း ငြိမ်းချမ်းရေးအစီအစဉ်ကို စေ့စပ်ဆွေးနွေးလိုတဲ့ ဆန္ဒမရှိဘူးလို့ ဝေဖန်ခဲ့ပါတယ်။