ပြည်သူ့အင်အားပါတီ မှတ်ပုံတင်ခွင့် စစ်ကောင်စီ UEC ပယ်ဖျက်

RFA Burmese
2024.07.23
ပြည်သူ့အင်အားပါတီ မှတ်ပုံတင်ခွင့် စစ်ကောင်စီ UEC ပယ်ဖျက် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပြည်သူ့အင်အားပါတီကို နိုင်ငံရေးပါတီအဖြစ်ကနေ မှတ်ပုံတင်ခွင့် ပယ်ဖျက်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၂၂ ရက်မှာ ကြေညာပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ - ၆ ပါ ပြဋ္ဌာန်းချက်တွေနဲ့ မညီတာကြောင့်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြည်သူ့အင်အားပါတီ ဥက္ကဋ္ဌ ဦးဌေးအောင်ကတော့ ပုဒ်မ ၆ အရလို့ ပြောပေမဲ့ တိတိကျကျ သိထားတာ မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

“ဘာတွေကြောင့် ပါတီမှတ်ပုံတင်ခွင့် ပယ်ဖျက်လဲဆိုတာ တိတိကျကျတော့ မသိရဘူးပေါ့လေ။ ပါတီနိုင်ငံရေး အရ မှတ်ပုံတင်ခွင့်မရရင် ပြင်ပနိုင်ငံရေးအနေနဲ့ ဆက်လုပ်မှာပါ”

ပုဒ်မ - ၆ ပါ ပြဋ္ဌာန်းချက်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စေမဲ့ ဟောပြောစည်းရုံးလှုံ့ဆော်မှုတွေ မလုပ်ဖို့ တားမြစ်ထားတာပါ။

ပြည်သူ့အင်အားပါတီဟာ ၂၀၁၉ ခုနှစ်ကစလို့ ပါတီမှတ်ပုံတင်ခွင့်ရခဲ့ပြီး တရားဝင်ပါတီအနေနဲ့ ရပ်တည်ခဲ့ ပါတယ်။ အဲဒီနောက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဟာ တရားမျှတမှုမရှိဘူးဆိုပြီး ကန့်ကွက်မှုတွေ လုပ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဦးဆောင်တဲ့ အာဏာသိမ်းမှု ထောက်ခံခြင်းထုတ်ပြန်ချက်မှာလည်း ပြည်သူ့အင်အားပါတီက ထောက်ခံ ထားတာ တွေ့ရပါတယ်။

စစ်ကောင်စီရဲ့ ကောက်ပွဲကော်မရှင်က ပြည်သူ့အင်အားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ ပြည်ထောင်စုတိုးတက်ဖွံ့ဖြိုးရေးပါတီ၊ ချင်းပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီ စတဲ့ ပါတီတွေကို မှတ်ပုံတင်ခွင့် ပယ်ဖျက်ထားပါတယ်။

ပယ်ဖျက်ခံရတဲ့ ပါတီအများစုက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ - ၅၊ ပုဒ်မ - ၆ တွေနဲ့မညီလို့ဆိုပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။