ဖယ်ခုံမြို့နယ်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးတစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိရွာမှာ စစ်ကောင်စီ တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် သက်ကြီးရွယ်အိုတစ်ဦးနဲ့ ကလေးတစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၉ ရက် မနေ့ညပိုင်းက ဖယ်ခုံမြို့မှာရှိတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေ ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လအိရွာထဲကို လက်နက်ကြီး ကျည်နှစ်လုံး ကျရောက်ပေါက်ကွဲပြီး အသက် ၈၁ နှစ်ရွယ် ဒေါ်မူထန့်၊ အသက် ၄၄ နှစ်ရွယ် ဒေါ်မူးမာသ၊ အသက် ၅၆ နှစ်ရွယ် ဦးကိုင်နဲ့ အသက် ရှစ်နှစ်ရွယ် ကလေးတစ်ဦး ဒဏ်ရခဲ့တာပါ။
အဲဒီလေးဦးမှာ အသက် ၅၆ နှစ်ရွယ် ဦးကိုင်က ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရယ် စိုးရိမ်ရတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ကည ကိုးနာရီခွဲ ပတ်ဝန်းကျင်လောက်မှာ လက်နက်ကြီးက တိုက်ပွဲမရှိတဲ့ နေရာမှာ ရွာထဲနှစ်လုံးကျတယ်။ နေအိမ် သုံးလုံးလောက် ပျက်စီးတယ်။ လူလေးယောက် ဒဏ်ရာရတာမှာ တစ်ယောက် ဒဏ်ရာပြင်းထန်တယ်။ အူတွေဘာတွေ အပြင်ထွက်လာတာ အဲဒါကို လုံခြုံတဲ့ နေရာသွားပြီး ကုသနေရတယ်။ တိုက်ပွဲမရှိ ဘာမရှိဘဲနဲ့ လက်နက်ကြီးနဲ့ ရွာထဲထိ ထုလာတာ”
မနေ့က တစ်ညတည်းမှာပဲ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ခေါင်းအီရွာထဲကို လက်နက်ကြီးကျည် ငါးလုံး ကျရောက်ပေါက်ကွဲပြီး၊ လတိန်ရွာမှာ သုံးလုံး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သူကဆိုပါတယ်။
အဲဒီရွာတွေမှာတော့ နေအိမ်တွေ ထိခိုက်ပျက်စီးတာ၊ လူထိခိုက်ဒဏ်ရာရတာ ရှိ၊ မရှိ အတိအကျ မသိရသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ဖယ်ခုံမြို့နယ်နဲ့ နယ်မြေချင်း ဆက်စပ်နေတဲ့ ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာလည်း နိုဝင်ဘာလ ၄ ရက်နေ့က နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် နှစ်နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် မိသားစုဝင်လေးဦး ဒဏ်ရာရခဲ့ပါတယ်။
ဒေသအတွင်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်ပေါ်အခြေခံပြီး RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စားရင်းတွေအရ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်တွေမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာ နှစ်လအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ကလေးငယ် လေးဦးအပါအဝင် ၁၃ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရခဲ့ပါတယ်။