လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၁၁ ကျောင်း ပိတ်ထားရ
2023.09.10

ကရင်ပြည်နယ် ဖာပွန်မြို့နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် စာသင်ကျောင်း ၁၁ ကျောင်း ပိတ်ထားရတယ်လို့ KNU က စက်တင်ဘာလ ၁၀ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ သေသူးခီး၊ ထီးဂေါ်တာ၊ ဂယ်ယူဒဲ၊ တာဒဲဒဲ ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ပြုလုပ်ခဲ့တာပါ။
စက်တင်ဘာလ ၆ ရက် မနက် ၅ နာရီခွဲမှာ ခေးပူအခြေစိုက် စစ်ကောင်စီတပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းယူပြီးနောက်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုအတွင်း ကျောင်းဆရာတစ်ဦးနဲ့ ကျောင်းသားသုံးဦး စုစုပေါင်းလေးဦး သေဆုံးခဲ့ပြီး ကျောင်းဆရာမတစ်ဦး၊ ကျောင်းသား ငါးဦးနဲ့ အရပ်သားတစ်ဦး စုစုပေါင်း ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အထက်တန်းကျောင်းသုံးကျောင်း၊အလယ်တန်းကျောင်း လေးကျောင်းနဲ့ မူလတန်းကျောင်း လေးကျောင်း ပိတ်ထားရတယ်လို့ KNU ကထုတ်ပြန်ပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ထီးမူးခီး ကော်သူးလေ အထက်တန်းကျောင်း၊ ဆာမူပယ် အုပ်စု အထက်တန်းကျောင်း၊ ကဲခိုမူဒဲ အထက်တန်းကျောင်း၊ လူသောမြို့နယ် အလယ်တန်းကျောင်း၊ လယ်မူထိ အလယ်တန်းကျောင်း၊ ဘဲသောလို အလယ်တန်းကျောင်း၊ ခေးပူအလယ်တန်းကျောင်း၊ ဂယ်ယူဒဲ မူလတန်းကျောင်း၊ သသူးခီး မူလတန်းကျောင်း၊ ထီးပိုလို မူလတန်းကျောင်း၊ ထလာခို မူလတန်းကျောင်းတွေ ပိတ်ထားရတာပါ။
ဒီစာသင်ကျောင်းတွေမှာ ကျောင်းသူ၊ ကျောင်းသား ဘယ်လောက် ပညာ သင်ယူနေတယ်ဆိုတာ သိရဖို့ KNU ပြာခွင့်ရသူကို ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။
လက်ရှိလေကြောင်း တိုက်ခိုက်မှုကြောင့် လယ်ဟိုး၊ နော်ရိုးထာ၊ သေသူးခီး၊ ဂယ်ယူဒဲ၊ကော်ထယ်ဒဲ၊ ခေးပူ ကျေးရွာက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
RFA ကပြုစုထားတဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ၉ ရက်အထိ ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား သုံးဆယ်ဦးသေဆုံးပြီး ၆၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။