ဖရူဆိုမှာ နေအိမ် ငါးဆယ်နီးပါး မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2023.08.28
ဖရူဆိုမှာ နေအိမ် ငါးဆယ်နီးပါး မီးရှို့ဖျက်ဆီးခံရ စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်အချို့ကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ တွေ့ရစဉ်။
Karenni Nationalities Defense Force-KNDF

ကယားပြည်နယ် ဖရူဆိုမြို့နယ်ထဲမှာရှိတဲ့ ရွာသုံးရွာက နေအိမ်ငါးဆယ်နီးပါးကို စစ်ကောင်စီတပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ဩဂုတ်လ ၂၈ ရက်မှာ RFA ကို ပြောပါတယ်။

ဩဂုတ်လ ၂၄ ရက်နေ့ကနေ ၂၆ ရက်အတွင်း ဒေါညေးခူရွာက နေအိမ် ဆယ်လုံး၊ ထီးပေါ်ဆိုရွာက နေအိမ် သုံးဆယ်ကျော်နဲ့ ထီးသော်ကူးရွာက နေအိမ်တချို့ မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ကိုဗညားက ပြောပါတယ်။

“ဆက်တိုက်ဆိုသလို မီးရှို့သွားတာပေါ့နော်။ တချို့နေရာတွေမှာကျတော့ တိုက်ပွဲမှာ သူတို့ဘက်က သေဆုံးတဲ့ သူတွေကို အိမ်တွေထဲထည့်ပြီး မီးရှို့တာပေါ့ ။ အခု ကျွန်တော်တို့ ရွာသားတွေဆီကနေရတဲ့ စာရင်းအရတော့ ဒီရက်ပိုင်းမှာ အိမ်ခြေ ငါးဆယ်လောက်ရှိပြီပေါ့နော်။ အများဆုံးက အရှို့ခံထားရတာက ထီးပေါ်ဆိုရွာက ဖြစ်ပါတယ်”

သြဂုတ်လ ၂ ရက်နေ့ကစပြီး ဒီးမော့ဆိုနဲ့ ဖရူဆို လမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေး တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်နေပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သား နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF ကလည်း သြဂုတ်လ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း ၇၆၆ ကြိမ်အထိ ဖြစ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဩဂုတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်ခံရမှုကြောင့်လည်း ဘာသာရေးအဆောက်အအုံ ၃၉ လုံးနဲ့ အရပ်သားနေအိမ် ၁၆၃၉ လုံး ပျက်စီးခဲ့တယ်လို့ PKPF ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။