ပင်လောင်းဒေသခံတစ်ဦး လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံရ
2023.04.28
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် လယ်ခြားကျေးရွာကို ဧပြီလ ၂၆ ရက် မနက်က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ခံထားရတဲ့ အရပ်သား အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းတစ်ခုကို တွေ့ရှိရတယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဧပြီ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။
ပစ်သတ်ခံထားရတဲ့သူမှာ မျက်လုံးတွေပါ ဖောက်ထုတ်ခံထားရပြီး အဲဒီနေရာဟာ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲခဲ့တဲ့ တောင်မဲသင်းနဲ့ မြောက်စလုံး ရွာကြားမှာရှိတာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
KNDF ရဲ့ စစ်ဆေးချက်အရ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ယူဆရကြောင်း သေဆုံးသူအမျိုးသားရဲ့ အမည်နဲ့ နေရပ်လိပ်စာကို စုံစမ်းမရသေးတဲ့အတွက် နေ့လယ်ပိုင်း မှာ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ တပ်သားတွေဟာ တိုက်ပွဲဖြစ်တဲ့ ပတ်ဝန်းကျင်ရွာတွေက အရပ်သားပြည်သူ တွေကို ဖမ်းဆီးပြီး လူသားတံတိုင်းအဖြစ် ခေါ်ဆောင်ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်နေတာ ကြောင့် တိုက်ပွဲဖြစ်တဲ့ ကျေးရွာတွေကို အသွားအလာ မလုပ်ဖို့ KNDF က တိုက်တွန်းထား ပါတယ်။
ဒီပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ကိုသိရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ခေါ်ဆိုလို့ မရပါဘူး။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့ ဧပြီလ ၁ ရက် ထုတ်ပြန်ချက်အရ ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်အတွင်းမှာ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ မတ်လအထိ အာဏာသိမ်း ၂၅ လအတွင်း စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပေါင်း ၆၅၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၃၁၀ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နောက်ပိုင်းကစပြီး ရှမ်း-ကယား နယ်စပ်မှာ တိုက်ပွဲပေါင်း ၈၂ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်အုပ်ချုပ်ရေး မကြေညာခင်က ထက် တိုက်ပွဲ သုံးဆကျော် တိုးလာတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar က ဧပြီလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။