စစ်သည်အင်အား နှစ်သောင်းကျော် နဲ့ PNA စစ်သင်တန်းဆင်း

RFA Burmese
2024.09.30
စစ်သည်အင်အား နှစ်သောင်းကျော် နဲ့ PNA စစ်သင်တန်းဆင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၆)တွင် ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့က ကျင်းပသည့် စစ်သင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။
Photo: Pa-O National Army

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၆) ရန်ကင်း စစ်ဒေသမှာ ပအိုဝ်းအမျိုးသားတပ်မတော် (PNA)က ဦးစီးဖွင့်လှစ်တဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို စစ်သည်အင်အားနှစ်သောင်းကျော်နဲ့ စက်တင်ဘာ ၃ဝ ရက်နေ့က ကျင်းပတယ်လို့ PNA က ကြေညာချက်ထုတ်ပြန်ပါတယ်။

သင်တန်းဆင်းပွဲကို PNA စစ်ကော်မတီ (ဒု) ဥက္ကဋ္ဌ ဖြားပီတာထွန်းနိုင်၊ PNA ဒု - စစ်ဦးစီးချုပ် ဉီးခွန်နေဝင်းထွန်း၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေ စတဲ့ တာဝန်ရှိသူတွေ တက်ရောက်ပါတယ်။

ဒီသင်တန်းဆင်းပွဲနဲ့ ပတ်သက်ပြီး ဦးခွန်သိန်းဖေကို RFA က ဆက်သွယ်တဲ့အခါ “ကျွန်တော် ဘာမှပြောဖို့ မရှိပါဘူး” ဆိုပြီး တယ်လီဖုန်းချသွားပါတယ်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO က စစ်သားစုဆောင်းပြီး အခွန်လည်း ကောက်ခံနေတယ်လို့ ဟိုပုံးမြို့နယ်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

“အစကတော့ သင်တန်းတက်ပြီးရင် ဘယ်မှမခေါ်သွားဘူး။ ကိုယ့်ရွာလုံခြုံဖို့ ဆိုပြီး ပြောတယ်။ နောက်တော့မဟုတ်ဘူး။ ကင်းစောင့်ခိုင်းတယ်။ ဟိုနားစောင့်ခိုင်း ဒီနားစောင့်ခိုင်းနဲ့ တစ်ရွာလုံး အလှည့်ကျ သွားရတာပဲ။ လုံခြုံရေးစရိတ်အနေနဲ့ PNO က ဒီနှစ်ဆို ငွေနှစ် ကြိမ်ကောက်သွားပြီ။ တစ်အိမ် ကျပ် ငါးသောင်း အရင်ကောက်ပြီး ဒီဒုတိယတစ်ကြိမ်က သုံးသောင်း ကောက်သွားတယ်”

ပအိုဝ်းပြည်သူ့စစ်လို့ သိကြတဲ့ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့တုန်းကလည်း စစ်သည်အင်အား တစ်သောင်းကျော်နဲ့ စစ်သင်တန်းဆင်းခဲ့ဖူးပါတယ်။

PNO/PNA ဟာ စစ်တပ်နဲ့ ၁၉၉၁ မှာ ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ရှမ်းပြည်နယ်တောင်ပိုင်း အထူးဒေသ (၆) မှာ အုပ်ချုပ်နေတဲ့ အဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။