PNLA ဌာနချုပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် ဒေသခံတွေ တိမ်းရှောင်
2024.08.05
ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ဗန်းမက်ရွာက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ဌာနချုပ်ကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက သြဂုတ်လ ၃ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ပြီးနောက်ပိုင်း လူခြောက်ရာခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အကြိမ်နှစ်ဆယ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ထပ်ဖြစ်လာမှာစိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ကြတာလို့ မောက်မယ်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အကုန် ထွက်ပြေးနေရတယ်။ သူတို့က အချိန်မရွေးကို ပစ်ချင်တိုင်း ပစ်နေတာ ဟုတ်တယ်။ အိမ်မှာ မနေရဲကြတော့ဘူးလေ အကုန်လုံးက၊ တိုက်ပွဲဖြစ်ရင် ပိတ်မှာစိုးရိမ်ကြတာပေါ့”
အဲဒီနေ့က လက်နက်ကြီးပစ်ခတ်မှုတွေမှာတော့ ဒေသခံတွေ ထိခိုက်တာမရှိဘူးလို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ PNLA ပြောခွင့်ရသူနဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့စာရင်းတွေအရ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေကြား ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းကျော်အထိ ရှိနေပါတယ်။