စစ်ကောင်စီတပ်နဲ့ PNLA တိုက်ပွဲ တစ်လကျော်အတွင်း အရပ်သား လေးဆယ် သေဆုံး
2024.02.25

ရှမ်းပြည်နယ် တောင်ပိုင်းမှာဖြစ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲ တစ်လကျော်အတွင်း အရပ်သား အယောက်လေးဆယ် သေဆုံးခဲ့တယ်လို့ ပအိုဝ်း လူငယ်အစည်းအရုံး (PYO) က ဖေဖော်ဝါရီ ၂၆ ရက်ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါ့အပြင် အရပ်သား ၅၁ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူးရွာမှာ ဇန်နဝါရီ ၂၁ ရက်က PNLA ရဲ့ လက်နက်သယ်လာတဲ့ကားတန်းကို စစ်ကောင်စီတပ်က တားဆီးခဲ့ရာကနေ တိုက်ပွဲတွေ စတင်ခဲ့တာပါ။
အဲဒီနေ့ကစပြီး လက်ရှိအချိန်အထိ ဟိုပုံး၊ ဆီဆိုင်နဲ့ လွိုင်လင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ PNLA တပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ဒီကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု (၂၉၃) ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးနဲ့ အကြိမ် ရှစ်ရာကျော် (၈၀၈ ကြိမ်) ပစ်ခတ်ခဲ့တယ်လို့ PYO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ဘာသာရေး အဆောက်အအုံ ၁၂ လုံး အပါအဝင် အဆောက်အအုံ တစ်ရာကျော် (၁၀၉ လုံး) ပျက်စီးခဲ့တဲ့အပြင် အရပ်သား ကိုးသောင်းကျော် (၉၄,၃၀၀) အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
PNLA ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်ကတည်းက ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး အာဏာသိမ်းမှုအပြီး စစ်ကောင်စီတပ်ရဲ့ ဆွေးနွေးဘက်အဖြစ် သုံးနှစ်နီးပါးကြာ ရပ်တည်ခဲ့ပါတယ်။