ဗိုလ်မှူးကြီး ခွန်ဥက္ကာအပါအဝင် သုံးဦးကို ထုတ်ပယ်ကြောင်း PNLO ကြေညာ

RFA Burmese
2024.10.13
ဗိုလ်မှူးကြီး ခွန်ဥက္ကာအပါအဝင် သုံးဦးကို ထုတ်ပယ်ကြောင်း PNLO ကြေညာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ။
Photo: RFA

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ တွဲဖက်ထွေထွေအတွင်းရေးမှူး နှစ်ဦးကို အဖွဲ့ကနေထုတ်ပယ်လိုက်ကြောင်း PNLO က ကြေညာချက်ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့က ကျင်းပတဲ့ PNLO ဗဟိုကော်မတီနဲ့ တပ်မှူးများ အရေးပေါ်အစည်းအဝေးကနေ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးခွန်မင်းသိမ်းနဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) နန်းယဉ်ယဉ်စိုးတို့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာလို့ အောက်တိုဘာ ၁၂ ရက်နေ့ရက်စွဲနဲ့ PNLO ဗဟိုကော်မတီက ကြေညာချက်ထုတ်ပြန်တာပါ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်းသိမ်းနဲ့ နန်းယဉ်ယဉ်စိုးတို့ သုံးဦးဟာ PNLO ကနေ နုတ်ထွက်ကြောင်း စက်တင်ဘာလအတွင်း တင်ပြခဲ့သူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါပေမဲ့ နုတ်ထွက်ခွင့်ပြုကြောင်း ဗဟိုကော်မတီအစည်းအဝေးက အတည်မပြုခင်ကာလအတွင်း PNLO-NCA-S အဖွဲ့ကို ဖွဲ့စည်းကြောင်း အောက်တိုဘာ ၉ ရက်နေ့က ထုတ်ပြန်ခဲ့တာကြောင့် ပေးအပ်ထားတဲ့ ရာထူးနဲ့ တာဝန်တွေကနေ ရုပ်သိမ်းပြီး ထုတ်ပယ်လိုက်တာလို့ PNLO ကြေညာချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဒါ့အပြင် ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်ပြီး အသစ်ပြန်လည်ဖွဲ့စည်းတဲ့ အဖွဲ့မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အမည်ကို ထည့်သွင်းအသုံးပြုတာကို ကန့်ကွက်တယ်လို့လည်း PNLO ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

PNLO အဖွဲ့ကနေ ထုတ်ပယ်ကြောင်း ပြောဆိုချက်နဲ့ အမည်အသုံးပြုမှု ကန့်ကွက်ခံရတာနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်းသိမ်းနဲ့ နန်းယဉ်ယဉ်စိုးတို့ကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

PNLO လက်ရှိ ဥက္ကဋ္ဌအနေနဲ့ ဒေသတွင်း တိုက်ပွဲတွေဖော်ဆောင်ခဲ့တာကြောင့် ပအိုဝ်းဒေသအများစုမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ပြီး ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရတာကြောင့် PNLO-NCA-S ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ အောက်တိုဘာ ၉ ရက်နေ့မှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာ လက်မှတ်ထိုးပြီး ထုတ်ပြန်ပါတယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး PNLO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းကို RFA က မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဗိုလ်မှူးကြီးခွန်ဥက္ကာဦးဆောင်တဲ့ PNLO-NCA-S အဖွဲ့နေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။