၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီတွေနဲ့ စစ်ကောင်စီတွေ့မည်
2024.08.08
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲအတွက် အကြိုညှိနှိုင်း ဆွေးနွေးမှုကိုတွေ လာမဲ့ သြဂုတ် ၂၁ ရက်နဲ့ ၂၂ ရက်နေ့ နှစ်ရက်ကြာ နေပြည်တော်မှာ ပြုလုပ်သွားမယ်လို့ နိုင်ငံရေးပါတီတွေက RFA ကို သြဂုတ်လ ၈ ရက် ဒီနေ့မှာ အတည်ပြုပြောပါတယ်။
အဲဒီဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီတွေ၊ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေပါတဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC)တို့ တွေ့ဆုံမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲတက်မဲ့ ရှမ်းနဲ့ တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းကတော့ တိုင်းရင်းသားတွေအတွက် ဖက်ဒရယ်ကိစ္စကိုပဲ အဓိကထား ဆွေးနွေးမယ်လို့ RFA ကို ပြောပါတယ်။
“ပါတီအသီးသီးရဲ့ အမြင်တွေ တင်ပြကြမယ်၊ ကျွန်တော်တို့ပါတီကတော့ တိုင်းရင်းသားတွေအတွက် ဖက်ဒရယ်ပုံစံဖြစ်လာဖို့ကိစ္စပဲ အဓိကထား တင်ပြဆွေနွေးသွားမှာပါ၊ တိုင်းရင်းသားတွေရဲ့အသံ အများဆုံးပါပါလိမ့်မယ်”
ဒီတွေ့ဆုံမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးထက် ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေကို အဓိကထားပြီး ဆွေးနွေးသွားကြဖို့ ဖြစ်နိုင်တယ်လို့ ပြည်သူ့ပါတီရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီအားလုံး တက်ရောက်ခွင့်ရမှာမဟုတ်ဘဲ ပါတီလေးဆယ်ကျော်ထဲက စုပေါင်းရွေးချယ်ထားတဲ့ အလုပ်အဖွဲ့ ၁၆ ပါတီ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် စုဖွဲ့ထားတဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့က လေးပါတီ၊ စစ်ကောင်စီအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC) နဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ထဲက အလုပ်အဖွဲ့ပါတီတွေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ရေးကို ဆွေးနွေးခဲ့ကြပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ NUG အပါအဝင် အာဏာသိမ်းမှုဆန့်ကျင်တဲ့ တိုင်းရင်းသား လက်ကိုင်တပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် ခုခံတော်လှန်နေသူတွေကတော့ စစ်ကောင်စီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ပျက်ပယ်ပြီဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲကို လက်မခံကြောင်း ပြောထားပါတယ်။