စစ်ကောင်စီရွေးကောက်ပွဲအတွက် မှတ်ပုံတင်တဲ့ပါတီ ၂၃ ခု ရှိလာ

ဝေမာထွန်း(ဝါရှင်တန်ဒီစီ)
2023.03.14
စစ်ကောင်စီရွေးကောက်ပွဲအတွက် မှတ်ပုံတင်တဲ့ပါတီ ၂၃ ခု ရှိလာ နေပြည်တော်တွင် နှင်းဆီပါတီ ခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP ပါတီဝင်များ ၂ဝ၂ဝ ခုနှစ် အောက်တိုဘာ ၇ရက်နေ့တွင် မဲဆွယ်စည်းရုံးစဉ်။
RFA

မတ်လ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံပြန်တင်ရမယ့် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေသစ်အရ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ပါတီ ၂၃ ပါတီရှိပြီလို့ စစ်ကောင်စီက မတ်လ ၁၄ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၁၄ ရက်နေ့မှာ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ နှစ်ပါတီ မှတ်ပုံတင်လျှောက်ထားခဲ့တယ်လို့ ပြောပါတယ်။

၂၃ ပါတီမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆွယ်စည်းရုံးမယ့်ပါတီက ငါးပါတီ၊ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တစ်ခုတည်းမှာပဲ စည်းရုံးမယ့်ပါတီက ၁၈ ပါတီ ရှိတယ်လို့ ဆိုပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ထားတဲ့ပါတီ ငါးပါတီကတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ နှင်းဆီပါတီလို့ လူသိများခဲ့တဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ ဖြစ်ပါတယ်။ 

33.jpg
၂ဝ၂ဝ ခုနှစ် နိုဝင်ဘာ ၃ရက်နေ့တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မဲဆွယ်စည်းရုံးစဉ်။ (Photo: RFA)

ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အင်အားပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်အင်အားစု လေဘာပါတီ၊ ဝံသာနုပါတီတို့က သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်တစ်ခုစီမှာ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံပြန်တင်ထားကြတာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ ပါတီမှတ်ပုံတင်ဥပဒေသစ်အရ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး၊ မှတ်ပုံပြန်မတင်ရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒီဥပဒေအရ မှတ်ပုံပြန်တင်ရမယ့်ကာလ ၁၀ ရက်ကျော်သာ ကျန်တော့တာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ လူထုထောက်ခံမှုအားကောင်းတဲ့ ရခိုင်အမျိုးသားပါတီကလည်း မှတ်ပုံပြန်တင်ဖို့ ဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ထားပြီးပြီလို့ RFA ကိုပြောပါတယ်။

44.jpg
ရခိုင်ပြည်နယ်တွင် မဲဆွယ်စည်းရုံးနေသည့် ရခိုင်အမျိုးသားပါတီ ANP ပါတီဝင်များကို ၂ဝ၂ဝ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: Khine Moe Tun)

ပါတီခေါင်းဆောင်အများစု အဖမ်းခံထားရတဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကိုယ်စားလှယ်တွေကတော့ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို လုံးဝလက်ခံမှာမဟုတ်သလို နိုင်ငံရေးဂုဏ်သိက္ခာအရ ပါတီကို မှတ်ပုံပြန်တင်မှာ မဟုတ်ဘူးလို့ ကြေညာထားပါတယ်။

အခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အရေးပေါ်ကာလကို ခြောက်လသက်တမ်းတိုးပြီးနောက် ပါတီတွေကို မှတ်ပုံပြန်တင်ခိုင်းနေပေမယ့် ဘယ်အချိန်မှာ ရွေးကောက်ပွဲကျင်းပမလဲ ဆိုတာကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြောတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။