နိုင်ငံရေးပါတီနဲ့ အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့တချို့ အိန္ဒိယကို သွားရောက်
2024.11.03
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီ ၁၁ ပါတီနဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာလုပ်မဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ” ဆွေးနွေးပွဲကို သွားရောက်ကြတယ်လို့ နိုင်ငံရေးပါတီတချို့က နိုဝင်ဘာ ၄ ရက် ဒီနေ့မှာ ပြောပါတယ်။
အိန္ဒိယဘက်က ဖိတ်ကြားမှုနဲ့ အဲဒီဆွေးနွေးပွဲကို နယူးဒေလီမြို့မှာ လုပ်ဖို့ရှိနေပြီး နိုဝင်ဘာ ၄ ရက်ကနေ ၇ ရက်အထိ ကြာမြင့်မဲ့ခရီးစဥ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဆွေးနွေးပွဲမှာ အိန္ဒိယနိုင်ငံရဲ့ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ပုံစံတွေ၊ မြန်မာနိုင်ငံမှာ လက်ရှိဖွဲ့စည်းပုံ ပေးထားချက်တွေကို ဆွေးနွေးကြမှာဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးစိုင်းလင်းက RFA ကို ပြောပါတယ်။
“ဒါက ဆွေးနွေးပွဲပေါ့နော်။ အိန္ဒိယဘက်က ဖက်ဒရယ်စနစ်ရဲ့ အခြေခံဥပဒေအကြောင်းတွေကို ရှင်းလင်းပြောကြားမယ်။ အသိပညာပေးတဲ့သဘောပါ။ တိုင်းပြည်မှာ တိုင်းရင်းသားတွေရဲ့ လိုလားချက်၊ ဖက်ဒရယ်ကို ဘယ်လိုရှေ့ဆက်ကြမလဲ ဒါတွေကို အမြင်ချင်း ဖလှယ်ကြမှာပါ”
နယူးဒေလီမှာလုပ်မဲ့ ဆွေးနွေးပွဲဟာ အဆုံးအဖြတ်ရယူမဲ့ ဆွေးနွေးပွဲမဟုတ်ဘဲ အသိပညာပေးမှုမျိုးသာ ဖြစ်တယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။
ပြည်သူ့ပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ နိုဝင်ဘာ ၄ ရက် ဒီနေ့ဖော်ပြချက်အရ မြန်မာနိုင်ငံ စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဝင်တွေ၊ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ အလှည့်ကျခေါင်းဆောင်ဖြစ်သူ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးလည်း အဲဒီခရီးစဥ်မှာ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်မှာ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဘယ်နှဖွဲ့ လိုက်ပါသွားတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း တရုတ်ကွန်မြူနစ်ပါတီဟာ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ကို တရုတ်နိုင်ငံကို ဖိတ်ကြားခဲ့ပါတယ်။