အကျဉ်းကျဆဲ နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို နိုင်ကျဉ်းအဖွဲ့ သွားရောက်ကူညီ

နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့က နိုင်ငံရေး အကျဉ်းသား ကိုအောင်မိုးဇော်နဲ့ ကိုရန်ရွှေတို့ရဲ့ မိဘတွေဆီကို ဒီကနေ့ သွားရောက်တွေ့ဆုံပြီး အားပေးခဲ့တယ်လို့သိရပါတယ်။

2012.04.22
prisoner-family-305 မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်မြောက်လာမည့် သူများကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ။
AFP

မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မမေ့လျော့တဲ့ အနေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က သူတို့ရဲ့မိသားစုတွေဆီကို အလှည့်ကျ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သွားရောက်တွေ့ဆုံ အားပေးနေပါတယ်။

အခုတပတ်မှာ အင်းစိန်ထောင် မှာ ကျနေတဲ့ ကိုအောင်မိုးဇော် ရဲ့မိခင် ရှိရာ တောင်ဒဂုံ ၅၃ ရပ်ကွက် နဲ့ ကလေးထောင်ရောက် ကိုရန်ရွှေ ရဲ့မိဘများရှိတဲ့ ထန်းတပင်မြို့နယ် ဝါးတရာအနောက်ရွာကို သွားရောက်ခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ကိုထွန်းကြည်က ပြောပါတယ်။

"အဓိကတော့ သူတို့ကို မမေ့ဘူး၊ လစ်လျူမရှုဘူးပေါ့ဗျာ။ သူတို့နဲ့ ကျွန်တော်တို့နဲ့ တစိတ်တဝမ်းထဲ၊ သူတို့ လုပ်ရပ်ကို ဂုဏ်ပြုတယ်ပေါ့။သူတို့ရဲ့ ယုံကြည်ချက် အားမာန်တွေ ဖြစ်စေမယ့်၊ မျှော်လင့်ချက်တွေ ရှင်သန်စေမယ့် စကားတွေ သွားရောက်တွေ့ဆုံပြီး ပြောတယ်။ နိုင်သလောက်ပေါ့၊ ဖတ်ဖို့ စာအုပ်တွေ ခေါက်ဆွဲခြောက်၊ သွားတိုက်ဆေး သွားပွတ်တန်၊ နောက် အလှူရှင်တယောက်ကတော့ ၂ သောင်းခွဲ ချီးမြှင့်ထားတယ်။ ထန်းတပင်ကျတော့ ကိုရန်ရွှေ၊ ဒီလို လူတွေ အုံနဲ့ကျင်းနဲ့ လာတာ မရှိတော့ သူတို့ အရမ်းဝမ်းသာပြီးတော့ မျက်ရည်တွေကျပြီးတော့ ရှိတဲ့ ဆန်လေးကို ချက်ပြီးတော့ လူအယောက် ၂၀-၃၀ စာကို ကျွေးမလို့လုပ်တာ မနဲတားထားရတယ်။"

အင်းစိန်ထောင်ရောက် ကိုအောင်မိုးဇော်ဟာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ရခိုင်လူငယ်များ အစည်းအရုံးက ဖြစ်ပြီး ပုဒ်မ ၁၃-၁ ၊ သင်းဖွဲ့၇ နဲ့ ၂၀၀၈ ခုနှစ် မှာ ထောင် ၆ နှစ်ကျခံရပြီး ကလေးထောင်ရောက် ကိုရန်ရွှေ ကတော့ ၁၃ - ၁ ၊ ၁၇-၁ ၊ ဖေါက်ခွဲ ၃ ပုဒ်မ နဲ့ ၂၀၀၈ မှာ တကျွန်း နဲ့၁၀ နှစ်ချခံ ရတာဖြစ်ပါတယ်။

နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့က ပြုစုထားတဲ့စာရင်းအရ မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသား ၄၄၅ ဦး ရှိပြီး သူတို့ရဲ့မိသားစုတွေကို နိုင်ငံရေး အကျဉ်းသားများ အဖွဲ့က အားပေးနှစ်သိမ့်မှုတွေ လုပ်နေသလို ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေး အတွက် တောင်းဆိုသွားမယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။