စစ်ကောင်စီလွတ်ငြိမ်းမှာ နိုင်ကျဉ်း ၄၀၂ ဦးပဲ ပါဝင်ကြောင်း AAPP ထုတ်ပြန်

2022.11.21
Share on WhatsApp
Share on WhatsApp
စစ်ကောင်စီလွတ်ငြိမ်းမှာ နိုင်ကျဉ်း ၄၀၂ ဦးပဲ ပါဝင်ကြောင်း AAPP ထုတ်ပြန် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့တွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ စောင့်ဆိုင်းနေသည်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီရဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် ခြောက်ထောင်နီးပါးမှာ နိုင်ငံရေးအကျဉ်းသား ၄၀၂ ဦး (၆ ဒသမ ၉ ရာခိုင်နှုန်း) သာ ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့မှာ သတင်းထုတ်ပြန် ပါတယ်။

အမျိုးသားနေ့အထိမ်းအမှတ် အကျဉ်းသား၊ အကျဉ်းသူ ၅,၇၇၄ ဦး လွှတ်ပေးမယ်လို့ စစ်ကောင်စီဘက်က ကြေညာပြီးနောက် ထောင်ပေါင်း ၁၉ ခုကနေ နိုင်ကျဉ်း ၄၀၂ ဦးသာ လွတ်မြောက်ခဲ့တယ်လို့ AAPP က ရေးသားထားပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အထဲမှာမှ နိုဝင်ဘာလ ၂၁ ရက်နေ့ ဒီနေ့နေ့လယ်အထိ ၁၆၁ ဦးကို နာမည်နဲ့တကွ မှတ်တမ်းပြုစုထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံခြားသားတွေဖြစ်တဲ့ NLD အစိုးရ စီးပွာရေး အကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တားနဲလ်၊ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦး၊ ဂျပန် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တိုရူကူဘိုတာတို့ ပါဝင်ခဲ့ပြီး သူတို့ကိုတော့ နေရပ်ကိုပြန်ပို့ခဲ့တာပါ။

နိုင်ငံခြားသားတွေ ပြန်လွှတ်တာဟာ နိုင်ငံရေးအရ အပေးအယူမဟုတ်ဘဲ နိုင်ငံတကာ ဆက်ဆံရေးအရ ပြန်လွှတ်ပေးတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့၊ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

စစ်ကောင်စီလက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ခုနစ်ကြိမ်နဲ့ စုစုပေါင်း ခြောက်သောင်း နီးပါး လွှတ်ပေးခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။