ထောင်ခုနစ်နှစ်ကျနေတဲ့ ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ဇော်ဦး ကွယ်လွန်

2022.09.06
ထောင်ခုနစ်နှစ်ကျနေတဲ့ ရှမ်းပြည်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအောင်ဇော်ဦး ကွယ်လွန် အစ္စလာမ်ဘာသာဝင်တွေရဲ့ ထုံစံအတိုင်း သင်္ဂြိုဟ်ခဲ့သည့် ကိုအောင်ဇာ်ဦးရဲ့ နာရေးအား ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က တွေ့ရစဉ်
Photo: CJ

အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ခုနှစ်နှစ် ချခံထားရတဲ့ ရှမ်းပြည်နယ်က နိုင်ငံ ရေး အကျဉ်းသားဟောင်း ကိုအောင်ဇော်ဦးဟာ စက်တင်ဘာလ ၆ ရက် ဒီနေ့မနက်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တွေက ပြောပါ တယ်။

နေမကောင်းလို့ ထောင်ဆေးရုံမှာ ပြသနေရာကနေ ရောဂါမသက်သာတာကြောင့် စဝ်စံ ထွန်းဆေးရုံကို ပြောင်းရွှေ့ကုသနေရင်း ဒီမနက်မှာဆုံးသွားတာလို့ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“နေမကောင်းလို့ဆိုပြီး တောင်ကြီးစဝ်စံထွန်းဆေးရုံကို ရောက်လာတယ်။ ဒီမနက် အစောပိုင်းမှာပဲ ဆုံးသွားတယ်။ ဆရာဝန် ဆေးစစ်ချက်မှာတော့ အဆုတ်ခဲတယ်လို့ ပြောတယ်။ သူက အဖမ်းခံရတုန်းက စစ်ကြေားရေးမှာ အတော်လေး အရိုက်ခံထားရတဲ့ ဒဏ်ရာတွေလည်းရှိတယ်”

ကိုအောင်ဇော်ဦးဟာ အစ္စလာမ်ဘာသာဝင်ဖြစ်တာကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ ထုံစံအတိုင်း ဒီနေ့မှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစုဝင်က ပြောပါတယ်။

PDF ခေါင်းဆောင်လို့ စွပ်စွဲပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲ ထောင်ချခဲ့ ရတာလို့ ကိုအောင်ဇော်ဦးရဲ့ ရှေ့နေနဲ့နီးစပ်သူက ပြောပါတယ်။

“သူက ၁၇ ယောက်အမှုတွဲမှာ နံပါတ်တစ်ခေါင်းဆောင်လို့ သတ်မှတ်ခံရတာပေါ့။ ၁၇ ယောက်ထဲမှာကျတော့ တရားခံပြေးဖြစ်နေတဲ့ NLD အမတ်အချို့လည်း ပါတာပေါ့နော်။ တောင်လေးလုံး အကျဉ်းထောင်မှာပဲ ပြီးခဲ့တဲ့ မေလ ၃၀ ရက်က ထောင်ဒဏ်ခုနစ်နှစ် ဆိုပြီး အမိန့်ချခဲ့တာ”

ရှမ်းပြည် နိုင်ငံရေးအကျဉ်းသားဟောင်းအဖြစ် ထင်ရှားတဲ့ ကိုအောင်ဇော်ဦးဟာ အာဏာ သိမ်းမှုဆန့်ကျင်ရေး ကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင်လုပ်ဆောင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာပဲ အဖမ်းခံခဲ့ရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။