သရက်ထောင်က နိုင်ငံရေးအကျဉ်းသား တစ်ဦး ဆေးရုံတက်ခွင့်မရလို့ သေဆုံး
သရက်အကျဥ်းထောင်မှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးဝါးကုသမှုမရတဲ့အတွက် သွေးတိုးရောဂါနဲ့ ဇူလိုင်လ ၂၇ ရက်နေ့က သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ဇူလိုင်လ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
သရက်ထောင်အတွင်း အကျဉ်းချခံထားရတဲ့ ကိုညီညီကို ဇူလိုင်လ ၂၆ ရက်နေ့ညက ထောင်တွင်းမှာ ရောဂါပြင်းထန်နေချိန် အကျဉ်းထောင်တာဝန်ရှိသူတွေက ဆေးရုံတက်ရောက်ကုသခွင့်မပေးခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)ရဲ့ တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
“ညသန်းခေါင်မတိုင်ခင်မှာ သွေးတိုးရောဂါဖြစ်တယ်။ သွေးတိုးဖြစ်တဲ့အတွက် အကျဉ်းသားတွေက ဝိုင်းဝန်းပြီးမှ ဆေးဝါးကုသပေးဖို့ တောင်းဆိုကြတယ်ပေါ့။ အဲဒီမှာ ချက်ချင်းရောက်မလာဘူး။ ဝန်ထမ်းအဆင့်ဆင့်က လာမေးတယ်။ ပြီးတော့ ဘာဖြစ်နေတာလဲ လာမေးပြီးတော့မှ စောင့်နေရတာက အကြာကြီးပေါ့။ သူတို့ခေါ်လာတာက အကျဉ်းသားထဲက ဆေးမှူးတစ်ယောက်ကို ခေါ်လာပေးတယ်။ ကုသရမယ့်ဆေးဝါးတွေရော စစ်ဆေးရမှာတွေရောမရှိဘူးပေါ့။ ဆေးဝါးလုံလုံလောက်လောက်မရှိဘူး။ ဆေးရုံကိုမရောက်လိုက်ဘဲနဲ့ အကျဉ်းထောင်ထဲမှာပဲ ကွယ်လွန်သွားရတယ်ပေါ့ ”
သေဆုံးခဲ့ရတဲ့ ကိုညီညီဟာ ပုဒ်မ ၅၂(က)/၅၁(ဂ)တို့နဲ့ ၂၀၂၂ နိုဝင်ဘာလက ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရသူဖြစ်ပြီး သေဆုံးချိန်မှာ အသက် ၃၉ နှစ် ရှိပြီဖြစ်ပါတယ်။ အခုလို ဆေးဝါးကုသခွင့်မရဘဲ သေဆုံးခဲ့ရတဲ့အတွက် ပြည်သူ့အစိုးရ တက်ရောက်လာချိန်မှာ တာဝန်ခံဖြေရှင်းရမယ်လို့ PPNM က ပြောထားပါတယ်။
စစ်တပ်အာဏာသိမ်းချိန်ကနေ ဇူလိုင်လ ၂၈ ရက်နေ့အထိ စစ်ကောင်စီသတ်ဖြတ်မှုကြောင့် အရပ်သား ၅၄၀၀ ကျော် (၅၄၅၃ ဦး) သေဆုံးခဲ့သလို ဖမ်းဆီးခံခဲ့ရသူ နှစ်သောင်းခုနစ်ထောင်ကျော် (၂၇၁၁၂ ဦး) ရှိတယ်လို့ AAPP စာရင်းတွေအရ သိရပါတယ်။