ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံရ
2024.08.15
ပဲခူးတိုင်း ဒိုက်ဦးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ငွေကြေး (ပုံစံကြေး) တောင်းခံနေပြီး မပေးတဲ့သူတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်တာတွေ လုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဩဂုတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
ထောင်ပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပုံစံကြေးမပေးရင် ရိုက်နှက်နေတယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
"လက်ရှိအခြေအနေမှာ အဲလိုမျိုး သင်ပေးတာ မဟုတ်ဘဲနဲ့ အဲပုံစံသင်ပေးတဲ့နေရာက ပုံစံတစ်ခုခု လုပ်ပြတဲ့အခါမှာ မှားယွင်းမှုဖြစ်တယ်ဆိုရင် ရိုက်နှက်နှိပ်စက်ခံရတယ်နေရာဖြစ်တယ်၊ ဒီလိုရိုက်နှက်တာတွေမဖြစ်ဖို့ဆိုရင် ထောင်အာဏာပိုင်တွေကို တစ်ခါတစ်ခါမှာ အကျဉ်ဦးစီးရဲ့ လက်ကိုင်ဒုတ် အခြားရာဇဝတ်သားကနေတစ်ဆင့် ငွေကြေးပေးနေရတာမျိုးရှိတယ်ပေါ့နော်၊ ဒီတစ်ခေါက်ပေးနေရတာကတော့ ထောင်ပြောင်းနဲ့ ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားသစ်တွေကို ဦးတည်ထားပြီးမှ သူတို့ ကောက်ခံနေတာ ဖြစ်ပါတယ်၊ မပေးတဲ့သူတွေကိုတော့ ပုံစံပေးနေတဲ့အချိန်မှာ ရိုက်နှက်ကန်ကျောက်ခံရတာတွေ အဓိကခံရပါတယ်။ အများအားဖြင့်လည်း ပေးနိုင်အောင် ကြိုးစားနေရတယ်လို့ သိထားရပါတယ်"
အကျဉ်းထောင်တွေထဲမှာ ထောင်သား အသစ်ရောက်လာပြီဆိုရင် ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်၊ ဘယ်လို သွားလာရမယ်၊ ထောင်အရာရှိနဲ့တွေတဲ့အခါမှာ ဘယ်လိုနေရမယ်ဆိုတဲ့ ပုံစံတွေရှိပြီး အရင်ကတော့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ စည်းကမ်းရှိဖို့ သင်ပေးလေ့ရှိတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဒိုက်ဦးအကျဉ်းထောင်ကို ဇွန်၊ ဇူလိုင်လ အတွင်း ထောင်ပြောင်းရောက်ရှိလာတဲ့ နိုင်ငံရေးအကျဉ်းတွေကို ထောင်အာဏာပိုင်တွေက ပုံစံကြေးတစ်ဦးကို တစ်သိန်းနှုန်းနဲ့ အယောက် နှစ်ရာဆီကနေ တောင်းခံနေတယ်လို့လည်း PPNM ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ပုံစံကြေးမပေးတဲ့ နိုင်ကျဉ်းတွေကို ထောင်အာဏာပိုင်တွေက ခြေထောက်နဲ့ ကန်တာ၊ ရိုက်နှက်တာ စတဲ့ ညှဥ်းပန်းနှိပ်စက်တာတွေ လုပ်ရုံသာမက ညစ်ညမ်းစွာ ဆဲဆိုနေတယ်လို့လည်း ဆိုပါတယ်။
PPNM အဖွဲ့က ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ အကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပြီး အဆက်အသွယ်မရသေးပါဘူး။
ဩဂုတ်လ ၁၃ ရက်နေ့ကလည်း ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ ရာဇဝတ်အကျဉ်းသားတွေက ရိုက်နှက်နှိပ်စက်တာတွေ ကျူးလွန်နေတယ်လို့ PPNM ကထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လူနှစ်သောင်းကျော် (၂၀,၇၅၃ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉,၃၃၁ ဦး) က ထောင်ချခံထားရပါတယ်။