မြင်းခြံထောင်က နိုင်ကျဉ်းတွေကို ထောင်အာဏာပိုင်တွေ ရိုက်နှက်နှိပ်စက်နေ
မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်ကို ပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်နေတယ်လို့ မုံရွာလူထုသပိတ် ဦးဆောင် ကော်မတီက ပြောပါတယ်။
မုံရွာနည်းပညာတက္ကသိုလ် ကျောင်းသာသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဇင်မင်းထက်ကိုလည်း စက်တင်ဘာလ ၁၉ ရက် မနေ့က ထောင်အာဏာပိုင်တွေ ရိုက်နှက်နှိပ်စက်တဲ့အတွက် သတိလစ်၊ မေ့မြောသွားတယ်လို့ မုံရွာလူထုသပိတ် အဖွဲ့ဝင်တွေက ပြောပါတယ်။
မုံရွာထောင်ကနေ မြင်းခြံထောင်ကို ပြောင်းတဲ့နေ့ကတည်းက ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်နေတာလို့ မုံရွာလူထုသပိတ် ဦးဆောင်ကော်မတီ အဖွဲ့ဝင် ကိုခန့်ဝေဖြိုးက RFA ကို ပြောပါတယ်။
"ထောင်ပြောင်းတဲ့နေ့ကတည်းက နှိပ်စက်တယ်။ ဆံပင်မညှပ်လို့ ထောင်ပုံစံ မထိုင်လို့ဆိုပြီး ရိုက်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ နှိပ်စက်နေတာ။ ထောင်တွင်းနှိပ်စက်တာတွေနဲ့ ပတ်သက်လို့ သက်သေ အထောက်အထားတွေ စုထားတယ်။ တော်လှန်ရေးကာလ ပြီးတဲ့အခါမှာ ထောင်ဝန်ထမ်းတွေကို ဥပဒေအရ တရားစွဲဆိုသွားမှာပါ"
ထောင်တွင်းနှိပ်စက်မှုတွေနဲ့ပတ်သက်ပြီး စစ်ဆေးပေးဖို့ နိုင်ငံတကာအဖွဲ့တွေနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ကိုလည်း တိုက်တွန်းသွားမှာလို့ ဆိုပါတယ်။
ဒီလိုပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို အခြေအနေ တိတိကျကျသိရဖို့ နေပြည်တော် အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူထံ တယ်လီဖုန်းနဲ့ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်နိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၇၀ လောက်ကို ပြီးခဲ့တဲ့ ဩဂုတ်လက မြင်းခြံအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြောင်းရွှေ့တဲ့ကိစ္စအတွက် မိသားစုဝင်တွေလည်း မသိခဲ့ရဘူးလို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစလို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့အထိ နိုင်ငံတစ်ဝန်း အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရသူ ၁၂၄၃၅ ဦးရှိပြီး သူတို့ထဲက ၁၄၇၄ ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။