သာယာဝတီထောင်ကို ပြောင်းရွှေ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရိုက်နှက်ခံနေရ
2024.10.06
ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ ပဲခူးတိုင်း သာယာဝတီထောင်ကို ပြောင်းရွှေ့လိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတစ်ရာနီးပါးကို ဧည့်တွေ့ခွင့်နဲ့ ထောင်ဝင်စာပို့ခွင့် တစ်လပိတ်ထားပြီး ထောင်တွင်းမှာ ရိုက်နှက်ညှဉ်းပန်းမှုတွေ ရှိနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက အောက်တိုဘာလ ၆ ရက်နေ့မှာ RFA ကို ပြောပါတယ်။
ထောင်အာဏာပိုင်တွေကိုယ်တိုင် ရိုက်နှက်တာမဟုတ်ဘဲ ရာဇဝတ်အကျဉ်းသားတွေကို ရိုက်နှက်ခိုင်းထားတာလို့ ဒီဖြစ်ရပ်ကို သိရှိတဲ့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"မင်းတို့ တစ်သက်လုံးနိုင်မှာမဟုတ်ဘူးဆိုပြီး ပြောပြောပြီး ရိုက်တာ။ နေ့တိုင်းရိုက်နေတာ အရင်တုန်းကတော့ ထောင်ပြောင်းတွေလာရင် ဦးချိုးတဲ့သဘောနဲ့ ထောင်ဝန်ထမ်းတွေက ရိုက်တာ။ အခုက သူတို့ကိုယ်တိုင်မဟုတ်တော့ဘဲ သူတို့ လက်သပ်မွေးထားတဲ့ ရာဇဝတ်အကျဉ်းသားတွေကို ရိုက်ခိုင်းတာ"
စက်တင်ဘာလ ၂၂ ရက်နေ့က အင်းစိန်အကျဉ်းထောင်က အကျဉ်းသား နှစ်ရာခန့်ကို သာယာဝတီထောင်နဲ့ နောက်ထပ် အကျဉ်းသား ၂၆၀ ခန့်ကို ဒိုက်ဦးထောင်တွေကို ပြောင်းရွှေ့ခဲ့တာပါ။
သာယာဝတီထောင်ကို ပြောင်းရွှေ့ခဲ့တဲ့ အကျဉ်းသား နှစ်ရာထဲမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ တစ်ရာနီးပါး ပါဝင်ပြီး အများစုက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူတွေလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
သာယာဝတီထောင်မှာ အရင်ကတည်းက ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း အလုပ်ကြမ်းတွေ ခိုင်းစေတာ အပါအဝင် ဖိနှိပ်တာတွေ ပိုလုပ်လာတယ်လို့လည်း အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"မိလ္လာခပ်တာ၊ သစ်ပင်ရေလောင်းတာ အကုန်လုပ်ရတယ်။ ပြီးတော့ အခုပိုဆိုးတာက မင်းနိုင်ဝင်း (ခ) ပြူးကြီး ဆိုတဲ့သူကို တိုက်ပိတ်ထားတာကနေ ပြန်လွှတ်ပေးလိုက်ပြီ။ တပည့်တပန်းတွေ အများကြီးနဲ့ သူတို့ကို လုပ်ပိုင်ခွင့် အကုန်ပေးထားတယ်။ သူတို့ကလည်း နိုင်ငံရေးအကျဉ်းသားတွေကို ရန်ရှာတယ်။ အခုက တစ်ခုခုဖြစ်ရင်တောင် ထောင်အာဏာပိုင်တွေက သူတို့နဲ့မဆိုင်ဘူး၊ အကျဉ်းသားအချင်းချင်း ဖြစ်တာဆိုတဲ့ ပုံစံမျိုးဖြစ်အောင် ဖန်တီးထားတာ"
ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဒါပေမဲ့ စစ်ကောင်စီကတော့ အကျဉ်းသားတွေနဲ့ ပတ်သက်လို့ ရိုက်နှက်တာမရှိဘဲ ဥပဒေအတိုင်းသာ ဆောင်ရွက်ကြောင်း အကြိမ်ကြိမ် ထုတ်ပြန်ပြောဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၄ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူနှစ်သောင်းကျော် (၂၁,၀၁၇ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉၄၈၁ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။