နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်း ကျန်းမာရေးဆိုးရွားလာပြီးနောက် ဆေးရုံမှာ သေဆုံး

RFA Burmese
2024.11.21
နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်း ကျန်းမာရေးဆိုးရွားလာပြီးနောက် ဆေးရုံမှာ သေဆုံး နိုင်ငံရေးအကျဥ်းသားဟောင်း ကိုစိန်လင်း (ခ) ကိုအငယ်လေး။
Citizen Photo

မန္တလေးတိုင်း၊ အိုးဘိုထောင်မှာ နှစ်ရှည် ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်း (ခ) ကိုအငယ်လေးဟာ ကျန်းမာရေး ဆိုးရွားလာလို့ အိုးဘိုထောင်ကနေ မန္တလေး ဆေးရုံကြီးကို ထောင်ပြင်ထုတ်ကုသစဥ် တစ်ရက်အကြာ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ငါးနာရီ ဆယ်မိနစ်မှာ ကွယ်လွန်သွားတယ်လို့ သူနဲ့နီးစပ်သူ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ပြောပါတယ်။

အသက် ၅၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ နိုင်ငံရေးအကျဥ်းသား ကိုစိန်လင်းဟာ အသည်းရောဂါနဲ့ ထောင်ထဲမှာ သွေးအန်တဲ့အထိ ဖြစ်နေတာကြောင့် နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းမှာ အကျဥ်းထောင်ထဲကနေ အပြင်ဆေးရုံကို တင်ပို့ကုသခဲ့တာပါ။

ထောင်ထဲမှာ လုံလောက်တဲ့ ဆေးကုသခွင့်တွေ မရတာကြောင့် သေဆုံးရတာလို့ ကိုစိန်လင်းနဲ့နီးစပ်တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။

“သူက စိတ်ဓာတ်က မာတဲ့သူပါ၊ အခု သေဆုံးသွားရတာက အသည်း မကောင်းတော့တဲ့အတွက် သေဆုံးသွားခဲ့ရတာလေ။ ထောင်ထဲမှာလည်း သွေးတွေ အံတယ်ပြောတယ်။ ထောင်ထဲမှာ နေ့တိုင်း သောက်နေရတဲ့ ရေတွေကလည်း ခဲဆိပ်တွေ ပါတယ်လို့ ကြားရတယ်။ နောက်ဆုံးမနိုင်လို့ ပြည်သူ့ဆေးရုံကြီးကိုရောက်လာတာ တစ်ရက်အတွင်း သေဆုံးသွားတယ်ဆိုတာသာ ကြည့်ပေတော့ သူ့အသည်းတွေ ဘယ်လောက် ကျွမ်းနေလဲဆိုတာ။ အဓိကကတော့ ထောင်ထဲမှာ ဆေးကုသခွင့် ကောင်းကောင်းမရလို့ပေါ့ဗျာ”

ကိုစိန်လင်းကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၉ ရက်နေ့က ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က)၊ ၅၁ (ဂ) တို့နဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့တာပါ။

ကိုစိန်လင်းဟာ ရှစ်လေးလုံး အရေးတော်ပုံမှာလည်း ကျောင်းသားလှုပ်ရှားမှုမှာပါဝင်ခဲ့လို့ ထောင်ဒဏ် နှစ် ၂၀၊ ၁၉၉၈ ခုနှစ် နိုင်ငံရေးလှုပ်ရှားမှုကာလမှာလည်း နိုင်ငံတော် အကြည်အညိုပျက်စေမှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရတဲ့အထိ နိုင်ငံရေးကို တစ်စိုက်မတ်မတ် လုပ်လာတာလို့ သူ့ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။

သူရဲ့ဈာပနကို နိုဝင်ဘာ ၂၂ ရက် မနက်ဖြန်မှာ မန္တလေးမြို့ ကြာနီကန် (အေးရိပ်ငြိမ်) သုဿာန်မှာ မနက်ဆယ်နာရီအချိန် သင်္ဂြိုဟ်မယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း စစ်ကောင်စီက မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးအကျဥ်းချထားတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့သလို နိုဝင်ဘာ ၈ ရက်နေ့ကလည်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်လည်း ဆေးကုသနေရင်း ကွယ်လွန်ခဲ့ပါတယ်။

အာဏာသိမ်းကာလအတွင်း အကျဥ်းထောင်တွင်း အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၀၃ ဦးရှိပြီး အဲဒီအထဲမှာ ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူက ၆၃ ဦး ပါဝင်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။