လားရှိုးက နိုင်ငံရေးအကျဉ်းသားတချို့ မိသားစုနဲ့ အဆက်အသွယ်ရ
2024.08.05
လားရှိုးမြို့က တိုက်ပွဲအတွင်း အကျဉ်းထောင်ပွင့်သွားပြီး မိသားစုနဲ့ အဆက်အသွယ်ပြတ်နေတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ အခုရက်ပိုင်းမှာပဲ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြန်ရပြီလို့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တချို့က RFA ကို ဩဂုတ်လ ၅ ရက်နေ့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး ဘေးကင်းတဲ့နေရာမှာ ရှိနေတယ်လို့ ဆက်သွယ်လာကြောင်း လားရှိုးအကျဉ်းထောင်မှာ အကျဉ်းကျခဲ့သူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သူက မနေ့က ဖုန်းနဲ့ ဆက်သွယ်လာတယ်။ သူတို့ဆီမှာ လူတွေ အများကြီးပဲတဲ့။ ဘေးကင်းကြတယ်၊ စိတ်မပူဖို့ပြောတယ်။ လက်ရှိတော့ ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို လုံခြုံရေး အခြေအနေအရ ပြောလို့မရလို့ဆိုပြီး မပြောသွားဘူး။ အားလုံးဘေးကင်းတယ်။ မကြာခင် မိသားစုတွေကို ဆက်သွယ်လာမယ်လို့ပဲ ပြောသွားတယ်”
နိုင်ငံရေးအကျဉ်းသားတွေကို တစ်နေရာတည်းမှာစုထားပြီး လက်ရှိမှာ တစ်ဦးချင်းစီအလိုက် မိသားစုတွေနဲ့ အဆက်အသွယ်ရနိုင်ဖို့ ဆောင်ရွက်ပေးနေတယ်လို့ အဆက်အသွယ်ရတဲ့ နိုင်ငံရေးအကျဉ်းသားက ပြောသွားတယ်လို့ ဆိုပါတယ်။
လားရှိုး အကျဉ်းထောင်ကနေ ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက လွတ်မြောက်လာပြီး နိုင်ငံရေးအကျဉ်းသားတွေနဲ့ အချိတ်အဆက်ရှိတဲ့ CDM ဆရာမ တစ်ဦးကလည်း လွတ်မြောက်သွားတဲ့ အကျဉ်းသားတွေနဲ့ အဆက်အသွယ်ရပြီလို့ ပြောပါတယ်။
“သူတို့က ကျွန်မ မလွတ်သေးဘူးထင်ပြီး ရှာနေကြတာ။ အခုသူတို့ ဘေးကင်းတဲ့နေရာမှာ ရောက်နေတယ်။ မိန်းကလေးတွေ ငါးယောက်တစ်တွဲ နေထိုင်ကြရတယ်။ အဆင်ပြေတယ်ဆိုတဲ့ အကြောင်းပြောပါတယ်။ နေရာကတော့ သူတို့မပြောဘူးပေါ့နော်။ လူများတော့ ကျား၊ မ ခွဲထားတယ်လို့ ပြောတယ်”
လားရှိုးအကျဉ်းထောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်၊ လားရှိုးမြို့နယ် CDM ကျန်းမာရေးမှူး အပါအဝင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ သုံးရာခန့် အကျဉ်းကျခံထားရတယ်လို့ သူက ပြောပါတယ်။
လားရှိုး အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပြင် အခြားအမှုတွေနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသား ၂၅၀၀ ကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှာ လားရှိုးအကျဉ်းထောင်ကို ကိုးကန့်တပ်မတော် (MNDAA) က ထိန်းချုပ်နိုင်ခဲ့ပြီး တအာင်းလူမျိုး အကျဉ်းသား ၁၁၈ ဦးကို TNLA ထံ လွှဲပြောင်းပေးခဲ့တယ်လို့ TNLA က သြဂုတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လားရှိုး အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အခြေအနေနဲ့ပတ်သက်လို့ MNDAA ပြောခွင့်ရသူတွေကို RFA က ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။