ကျိုက်စကောထောင်က တပ်ခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသားသုံးဦး သေဆုံး
2023.07.08
(၂ဝ၂၃ ဇူလိုင် ၁၉ ရက်၊ မြန်မာစံတော်ချိန် မနက် ၁ နာရီတွင် ပြင်ဆင်ဖြည့်စွက်ထားသည်။)
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ကျိုက်စကောထောင်မှာရှိတဲ့ ကျောင်းသားခေါင်းဆောင် ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားသုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားစဉ်မှာပဲ အကြောင်းရင်းအတိအကျ မသိရဘဲ သေဆုံးသွားပြီလို့ နီးစပ်သူတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် မေလ ၂၈ ရက်မှာ ပဲခူးခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုခန့်လင်းနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ကို ထောင်ပြောင်းရွှေ့မယ်ဆိုပြီး စစ်ကောင်စီတပ်က ကျိုက်စကောထောင်ကနေ ခေါ်ထုတ်သွားပြီးနောက် ရုတ်တရက်သေဆုံးသွားတာလို့ ဒီအကျဉ်းသားတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကိုခန့်လင်းနိုင်သေဆုံးကြောင်းကိုတော့ ဇူလိုင်လ ၇ ရက်နေ့မှာ အတည်ပြုနိုင်ခဲ့တယ်လို့ ဗကသများ အဖွဲ့ချုပ်ရဲ့ ဗဟိုအမှုဆောင်တစ်ဦးက RFA ကို ပြောပါတယ်။ ဒီအပြင် ကိုခန့်လင်းနိုင်နဲ့အတူပါသွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်မျိုးသူနဲ့ ကိုပြည့်ဖြိုးဟိန်းတို့လည်း သေဆုံးသွားပြီလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဘာ့အကြောင်းကြောင့် ရုတ်တရက်သေဆုံးသွားသလဲဆိုတာကိုတော့ တိတိကျကျ ပြောဆိုနိုင်ခြင်းမရှိပါဘူး။ သူတို့ သေဆုံးကြောင်း မိသားစုတွေကို တရားဝင်အကြောင်းတာရှိမရှိတော့ RFA က စုံစမ်းနေဆဲဖြစ်သလို ထောင်အာဏာပိုင်တွေဘက်ကလည်း တစ်စုံတရာ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။
ကိုခန့်လင်းနိုင်၊ ကိုအောင်မျိုးသူနဲ့ ကိုပြည့်ဖြိုးဟိန်း တို့နဲ့အတူ ကျိုက်စကောထောင်ကနေ စစ်ကောင်စီက ခေါ်ထုတ်သွားသူ ရှစ်ဦးခန့်ရှိနိုင်ပြီး ကျန်တဲ့သူတွေ သေဆုံးခြင်းရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ဒီအထဲက အနည်းဆုံး ငါးဦး သေဆုံးသွားတယ်လို့ သတင်းထွက်နေပေမယ့် RFA က အတည်မပြုနိုင်သေးပါဘူး။
အသက် ၂၀ ဝန်းကျင်အရွယ် ကိုခန့်လင်းနိုင်ကိုတော့၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ) တို့နဲ့ ထောင် ၁၅ နှစ်ချမှတ်ထားတာပါ။
သေဆုံးရတဲ့ အကြောင်းအရင်းနဲ့ အသေးစိတ်အခြေအနေတွေကို သိရဖို့ စစ်ကောင်စီအကျဉ်းဦးစီးဌာနပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အခုနှစ် မေလကစပြီး အကျဉ်းထောင်ပြောင်းရွှေ့မယ်ဆိုပြီး တပ်အာဏာပိုင်တွေက ခေါ်ထုတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးမှုများပြားလာပါတယ်။ ဇူလိုင်လ ၆ ရက်နေ့ကလည်း အဆိုတော်လီလီနိုင်ကျော် လုပ်ကြံခံရမှု သံသယနဲ့ အဖမ်းခံထားရတဲ့ လူငယ်နှစ်ဦးဟာ သက်သေခံပစ္စည်းပြဖို့ ခေါ်ထုတ်စဉ် ထွက်ပြေးဖို့ကြိုးစားတယ်ဆိုတဲ့ စွဲချက်နဲ့ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးသွားခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ ဇူလိုင်လ ၁ ရက်နေ့ ထုတ်ပြန်ချက် စစ်တပ်က အာဏာသိမ်းပြီးနောက် အကျဉ်းထောင်၊ စစ်ကြောရေး၊ စစ်တန်းလျားနဲ့ ပြင်ပထိန်းသိမ်းထားတဲ့ နေရာတစ်ခုခုမှာ ဖမ်းဆီးထိန်းသိမ်းပြီး သတ်ဖြတ်ခံရသူ ၁၂၈၄ ဦးရှိပြီလို့ သိရပါတယ်။
______
(မှတ်ချက်။ ဤသတင်းတွင် မူလသတင်းခေါင်းစဉ်ပါ "သတ်ဖြတ်ခံရ" အစား "သေဆုံး"ဟု ပြင်ဆင်ထားသည်။ သတင်း၏စာကိုယ်တွင် အကြောင်းရင်း အတိအကျမသိရဘဲ ရုတ်တရက်သေဆုံးရခြင်းအကြောင်းနှင့် ထောင်မှခေါ်ထုတ်ခံရအပြီး သေဆုံးခဲ့သော ယခင်အမှုများအကြောင်း ဖြည့်စွက်ပြင်ဆင်ထားပါသည်။)