ရမည်းသင်းနဲ့ ပြည် အကျဉ်းထောင်က နိုင်/ကျဉ်း ၇၀ ပြန်လွတ်

RFA Burmese
2023.01.04
ရမည်းသင်းနဲ့ ပြည် အကျဉ်းထောင်က နိုင်/ကျဉ်း ၇၀ ပြန်လွတ် မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်နဲ့ ပဲခူးတိုင်း၊ ပြည်မြို့ အကျဉ်းထောင်ကနေ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၇၁ ဦးဟာ ဇန်နဝါရီလ ၄ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ရမည်းသင်းအကျဉ်းထောင်က အကျဉ်းသားစုစုပေါင်း ၂၇၄ ဦးကို လွှတ်ပေးခဲ့တာပါ။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသူ ငါးဦးနဲ့ နိုင်ငံရေးအကျဉ်းသား ၄၇ ဦး ပါဝင်ပါတယ်။

အလားတူ ပြည်မြို့အကျဉ်းထောင်ကနေ အကျဉ်းသားစုစုပေါင်း ၉၀ ဦး ပြန်လွတ်လာပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသူ ငါးဦးနဲ့ နိုင်ငံရေးအကျဉ်းသား ၁၄ ဦး ပါဝင်ပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အများစုပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

"ပြစ်ဒဏ်ကျန် တစ်နှစ်အောက် လွှတ်ပေးတာပေါ့။ အခုလွတ်လာတဲ့သူတွေက ပုဒ်မ - ၅၀၅ (က) ရဲ့ စွဲခံရတဲ့ပြီး ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ"

ရမည်းသင်းအကျဉ်းထောင်က လွတ်မြောက်လာသူတွေထဲမှာ ကဗျာဆရာ ချောဘသစ်၊ မျိုးတေဇာမောင်၊ ရမည်းသင်းခရိုင် NLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးကျော်ကျော်ဦး၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးဇော်မင်းတို့ ပါဝင်ပါတယ်။

ပြည်မြို့အကျဉ်းထောင်ကနေ အလွတ်သတင်းထောက် ကိုရဲထွန်းဦး(ခ)မောင်ကောင်း၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မဇင်မာဝင်း၊ ကိုအောင်ချိုဦး၊ မိုးမေတ္တာ ပရဟိတအသင်းက ကိုထွန်းမင်းမြတ်နဲ့ ပြည်မြို့နယ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဣန္ဒြာနေမျိုးတို့လည်း လွတ်မြောက်လာပါတယ်။

စစ်ကောင်စီကတော့ ဇန်နဝါရီလ ၄ ရက်မှာ အကျဉ်းသား ၇၀၁၂ ဦး ပြန်လွှတ်ပေးမယ်လို့ ကြေညာထားပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါဝင်မလဲဆိုတာ အတိအကျမသိရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။