အင်းစိန်ထောင်က အကျဥ်းသားငါးရာခန့် သာယာဝတီထောင် ပြောင်းရွှေ့ခံရ
2024.11.29
ရန်ကုန်၊ အင်းစိန်ထောင်မှာ အကျဥ်းကျခံနေရတဲ့ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းသား ငါးရာခန့်ကို နိုဝင်ဘာ ၃၀ ရက် ဒီနေ့မနက်အစောပိုင်းက ပဲခူးတိုင်း၊ သာယာဝတီထောင်ကို ပြောင်းရွှေ့လိုက်တယ်လို့ အင်းစိန်အကျဥ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးကတော့ ထောင်ပြောင်းရွှေ့ခံရတဲ့ အကျဥ်းသားရဲ့ မိသားစုဝင်တွေ စိုးရိမ်မှုရှိနေတယ်လို့ RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ သိထားရသလောက်ကတော နိုင်ငံရေး အကျဥ်းသား၊ အကျဥ်းသူနဲ့ အခြား ရာဇဝတ်အကျဥ်းသား ငါးရာ ဝန်းကျင်လောက် သာယာဝတီထောင်ကို ပြောင်းတယ်ဆိုတာတော့ သိထားရတယ်ဗျ။ ဒီနေ့မနက် အစောပိုင်းဗျ။ မနက် ၁၂ နာရီကျော်ပေါ့နော်။ တစ်နာရီနဲ့ အရုဏ်ဦးအတွင်းမှာ ပြောင်းသွားတယ်လို့ သိထားရတယ်။ သာယာဝတီ ထောင်အာဏာပိုင်တွေက ထောင်ပြောင်းတွေကို အမြဲရိုက်နှက်တာရှိတော့ စိုးရိမ်မှုတွေ ရှိပါတယ်”
သာယာဝတီ အကျဥ်းထောင်ကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဥ်းသား အရေအတွက်နဲ့ အမျိုးသား၊ အမျိုးသမီး အရေအတွက်ကိုတော့ လက်တလော အသေးစိတ်မသိရကြောင်း သူက ပြောပါတယ်။
ဒါဟာ နိုင်ငံရေး အကျဥ်းသားတွေကို မိသားစုဝင်တွေနဲ့ အဝေးဆုံးဖြစ်အောင် လုပ်လိုက်တာဖြစ်သလို ထောင်ဝင်စာပို့ဖို့ပါ အခက်အခဲ ကြုံရတော့မယ်လို့ ဆိုပါတယ်။
အခုနှစ်အတွင်း အင်းစိန် အကျဥ်းထောင်ကနေ သာယာဝတီ အကျဥ်းထောင်းကို ပြောင်းရွှေ့ခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား တစ်ထောင်ကျော်ရှိနေပြီး ထောင်အာဏာပိုင်တွေကို ထောက်ပြဝေဖန်သူ၊ နိုင်ငံရေး လှုပ်ရှားမှုအတွင်းမှာ ပါဝင်သူတွေ အများဆုံးဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်းတွေက ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာနပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က နိုဝင်ဘာ ၃၀ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်း ဖမ်းဆီးခံရသူ သုံးသောင်းဝန်းကျင် (၂၇,၇၄၁ ဦး) ရှိပြီး အဲဒီအထဲက လူနှစ်သောင်းကျော် (၂၁,၁၇၉ ဦး) ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။