ပြည်ထောင်က ပြန်လွတ်တဲ့ အကျဉ်းသားတစ်ရာကျော်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးသာပါဝင်

RFA Burmese
2024.01.04
ပြည်ထောင်က ပြန်လွတ်တဲ့ အကျဉ်းသားတစ်ရာကျော်မှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးသာပါဝင် ပဲခူးတိုင်း ပြည်မြို့ အကျဉ်းထောင်အား တွေ့ရစဉ်။
Citizen Journalist

ပဲခူးတိုင်း ပြည်မြို့အကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဇန်နဝါရီလ ၄ ရက် ဒီနေ့မှာ အကျဉ်းသား တစ်ရာကျော် ပြန်လည်လွတ်မြောက်လာပေမယ့် အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ဦးသာ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ အကျဉ်းကျနေတဲ့ အသက် ခြောက်ဆယ်ခန့် အရွယ် ဦးဂျင်မီဝင်းမောင်ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ပြန်လွတ်လာတဲ့အထဲ နိုင်ကျဉ်းတစ်ယောက်ပဲပါတယ်။ သူက ရေနွေးအိုးကြီး လက်ဖက်ခြောက်ဆိုင်က ဦးဝင်းမောင်၊ လွှတ်တာက တဖြည်းဖြည်းချင်းလွှတ်နေပြီ။ အခုက ပြန်လွှတ်တဲ့သူတွေကို မိသားစုက တောင် ကြိုလို့မရဘူး ကားတွေပေါ်တင်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေကို ခံဝန်ထိုးဖို့ခေါ်သွားတာပေါ့”

ပြစ်ဒဏ် ခြောက်လအောက် ကျန်နေသူတွေကို လွှတ်ပေးတာဖြစ်ပြီး လွတ်လာသူတွေထဲမှာ ခိုးမှုနဲ့ ထောင်ကျ နေသူ အများစု ပါဝင်တယ်လို့ သူက ဆိုပါတယ်။

လက်ရှိ ပြည်မြို့အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၄၀ ခန့် ဖမ်းဆီး အကျဉ်းချခံထားရတယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီကတော့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး ကနေ ပြစ်ဒဏ်ကချခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးကို ပြစ်ဒဏ်တွေလျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြု ကြောင်း ဒီနေ့မှာ ကြေညာခဲ့ပါတယ်။

RFA က ဆက်သွယ်မေးမြန်းမှုတွေအရ ပြန်လွတ်မြောက်လာသူတွေထဲမှာ ရာဇဝတ် အကျဉ်းသား အများစု ပါဝင်ပြီး ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းစုကလည်း လွတ်ရက်စေ့ခါနီးလူတွေ ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေ၊ အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ နေပြည်တော်က အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၃ ရက်နေ့အထိ စာရင်းတွေအရ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ နှစ်သောင်းနီးပါး (၁၉,၉၃၀ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ရှစ်ထောင်ကျော် (၈၄၅၇ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။