တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက စီးပွားရေးလုပ်မှာ မဟုတ်ဘူးလို့ အခုလို
ပြောကြားပေမယ့် ကျားဖြူလို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ကတော့ ကုမ္ပဏီတွေ ထူထောင်ဖို့
ပြင်ဆင်နေပြီ ဖြစ်သလို အန်ဒီအက်ဖ်နဲ့ တခြား ပါတီတချို့ကလဲ စဉ်းစားနေကြပါတယ်။
အခုလို နိုင်ငံရေးလုပ်ကြမယ့် ပါတီတွေ ဝင်ငွေအတွက်၊ ပါတီ ရပ်တည်ရေး အတွက်
စီးပွားရှာ ကြမယ်ဆိုရင် အကျိုးစီးပွားချင်း တိုက်ဆိုင်မှု သဘာဝအရ ဘယ်လို အကျိုးဆက်တွေ
ဖြစ်လာနိုင်သလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
နိုင်ငံရေးပါတီတွေ စီးပွားရေးလုပ်ခွင့်နဲ့ပတ်သက်လို့ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေသစ်မှာရော
တည်ဆဲ ဥပဒေတွေမှာပါ တိတိကျကျ သတ်မှတ် ပြဌာန်းထားတာ မရှိသေးဘူးလို့ ရန်ကုန်မြို့က
ဥပဒေ အကြံပေး ဦးအောင်သိန်းက ပြောပါတယ်။
ဒါ့ပြင် ပါတီတွေ စီးပွားရေးလုပ်ရင် လက်ဝါးကြီးအုပ်
စီးပွားရေးစနစ် လွှမ်းမိုးလာနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သူက ထောက်ပြပါတယ်။
တချိန်ထဲမှာလည်း စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အပြီး ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမှာ ဖြစ်တဲ့
ပြည်သူ့လွှတ်တော် အတွက် ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေ ကြိုတင် ပြင်ဆင်နေကြသလို
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ ( တစည ) ကလည်း ပြည်သူ့လွှတ်တော်အတွင်း
အကောင်အထည်ဖော် ဆောင်ရွက်ရမဲ့ သဘောထားတွေကို ညှိနှိုင်း ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။
တစည ပါတီအနေနဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ၊ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းအတွက်
အခြေခံ အုတ်မြစ် ခိုင်ခိုင်မာမာ စိုက်ထူနိုင်ဖို့နဲ့ ပြည်သူလူထု စားဝတ်နေရေး အတွက် စီးပွားရေး လုပ်ငန်းစနစ်တွေ
အကောင်အထည်ဖော် ဆောင်ရွက်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေ ညှိနိုင်း ဆောင်ရွက်ပြီး ဖြစ်တယ်လို့ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တစည ပါတီရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးဟန်ရွှေကို RFA မှ ဒေါ်ခင်ခင်အိ က
ဆက်သွယ် မေးမြန်းထားပါတယ်။
ဥပဒေပညာရှင် ဦးအောင်သိန်းကို အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။