ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမေရိကန်ရောက် တိုင်းရင်းသားများ ပို့စကတ်ပို့မည်
2011.05.06
ဒေါ်အောင်ဆန်းစုကြည်ကို အမြဲသတိတရ ရှိနေပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဦးဆောင်ကြိုးပမ်း နေမှုတွေကို ထောက်ခံ အားပေးကြောင်း ပြသတဲ့အနေနဲ့ အခုလို ဆောင်ရွက်တာ ဖြစ်တယ်လို့ စီစဉ်သူ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့မှာရှိတဲ့ အင်ဒီးယားနား တက္ကသိုလ်-ပါဒူးတက္ကသိုလ် IPFW က အခြေခံ စာတက်မြောက်ရေးသင်တန်း တာဝန်ခံ ဦးကျော်သိန်းစိုးက ပြောပါတယ်။
“ခလေးတွေပေါ့လေ၊ အထူးသဖြင့် ဟိုက်စကူးတို့၊ မစ်ဒယ်လ်စကူးတို့၊ အယ်လီမင်ထရီ စကူးတို့၊ သူငယ်တန်းလေးတွေကအစ၊ တွေ့ပါလိမ့်မယ်၊ ကဒ်ထဲမှာ ကလေးလေးတွေ။ အဲဒီ ကလေးတွေတင် မကဘူး၊ တက္ကသိုလ် ဆရာဆရာမတွေ၊ ကျောင်းဆရာ ဆရာမတွေလည်း ပါတယ်ဗျ။ နောက်တခါ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပါတယ် နော်။”
“နောက်တခါ တိုင်းရင်းသားတွေ၊ တိုင်းရင်းသားပေါင်းစုံပေါ့ဗျာ။ မွန်၊ ကရင်၊ ကယား၊ မူစလင် အကုန်ပါတယ်။ သူတို့ကလည်း ပါတယ်။ ရေးထားတာ ဘာသာပေါင်းစုံနဲ့ ရေးထားတာ ဆိုတော့ စုစည်းမှု ရှိနေတယ်၊ ထောက်ခံမှု ရှိနေတယ်၊ ပံ့ပိုးမှု ရှိနေတယ်ဆိုတာကို ပြနေတယ်ပေါ့ဗျာ။” “သူလုပ်ရင် ဘာမဆို ထောက်ပံ့မယ်၊ သူလုပ်ရင် အောင်မြင်နိုင်မယ် ဆိုတဲ့အနေအထားမျိုးကို ဒီမှာလည်း ရှိနေတယ်ပေါ့ဗျာ။ ရေခြားမြေခြား မိုင် ၅,၀၀၀ ကွာတဲ့ နေရာမှာလည်းပဲ ဒေါ်စုကို သူ့အသံကို ကြားတာနဲ့ အားလုံးက ငြိမ်၊ ရင်ဖွင့်သံတွေပေါ့ဗျာ၊ သူ့ကို ဆုတောင်းထားတာပေါ့၊ ရေးထားတာတွေ များတယ်။ အသက်ရှည်ပါစေ၊ မြန်မာနိုင်ငံ အကျိုးကို ထမ်းဆောင်နိုင်ပါစေ၊ မိသားစုနဲ့ ပြန်တွေ့ပါစေ။”
ဖို့ဝိန်းမြို့မှာ နေထိုင်တဲ့ မွန်၊ဗမာ၊ ရှမ်း၊ကရင်၊ ကယားစတဲ့ တိုင်းရင်းသား လူမျိုး အစုံအလင် လက်မှတ်ရေးထိုး ထားတဲ့ မွေးနေ့ ကဒ်ပြား ပေါင်း ၃၀၀ လောက်ကို ဒေါ်အောင်ဆန်းစုကြည်ထံ မွေးနေ့မတိုင်ခင် အချိန်မီ ရောက်ရှိနိုင်အောင် အခုလ ၁၉ ရက်နေ့မှာ စာတိုက်ကတဆင့် ပေးပို့မှာ ဖြစ်တယ်လို့ သိရပါတယ်။
အင်ဒီးယားပြည်နယ် ဖို့ဝိန်းမြို့ဟာ အမေရိကန် ပြည်ထောင်စုအတွင်း ထိုင်း-မြန်မာနိုင်ငံက ပြောင်းရွှေ့လာတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည် အများဆုံးနေထိုင်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ပွဲကို IPFW တက္ကသိုလ်မှာ နှစ်စဉ် ကျင်းပလေ့ ရှိပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အတွက် ဆုတောင်းကဒ်ပြား ပေးပို့မဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်သို့ မွေးနေ့ ပို့စကဒ် |
|
အသံဖိုင်ယူရန် |