နိုင်ငံရေးခေါင်းဆောင်တွေကို အမြန်ဆုံး ပြန်လွှတ်ဖို့ အပစ်ရပ်အဖွဲ့တွေ တောင်းဆို
စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က စက်တင်ဘာလ ၉ ရက် ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
အစိုးရနဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ဆယ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကနေ အခုလို တောင်းဆိုလိုက်တာပါ။
လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒီအစည်းအဝေးကနေ PPST ရဲ့ ရပ်တည်ချက်အဖြစ် နိုင်ငံရေးရည်မှန်းချက် (၇) ချက် ချမှတ်ခဲ့ရာမှာ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့၊ တိုင်းပြည်အာဏာကို အရပ်သားကိုယ်စားလှယ်တွေ လက်ထဲ ပြန်လွှဲပြောင်းပေးဖို့… စတဲ့ အချက်တွေ ပါဝင်ပါတယ်။
တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၇ ရက်နေ့မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာတာဟာ ထူးခြားတဲ့အခြေအနေမှာ နိုင်ငံရေးကြိုးပမ်းမှုတစ်ရပ်အဖြစ် ရှုမြင်ကြောင်းလည်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး စိုင်းငင်းက အစည်းအဝေး နိဂုံးချုပ်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောင်ရေးကို ပြည်သူတစ်ရပ်လုံးနဲ့အတူ ဆက်လက်ကြိုးပမ်းသွားမယ့်အကြောင်းလည်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြောဆိုသွားပါတယ်။